ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဆန္ဒပြလို့ဖမ်းဆီးခံရတဲ့ပြည်သူတွေအတွက် အခမဲ့ရှေ့နေလိုက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသက်ထွန်းဦးကို အကြမ်းဖက် စစ်အုပ်စုက ဖမ်းဆီးပြီး မြို့မရဲစခန်းမှူးက တရားလိုပြုလုပ် အမှုဖွင့်လိုက်ပါတယ်။
ဇွန်လ ၂ ရက် နေ့လယ်ပိုင်း မြစ်ကြီးနားထောင်တွင်းတရားရုံးမှာ အမှုတစ်ခုကို စစ်ဆေးမှုအပြီးမှာ တရားလွှတ်တော်ရှေ့နေ ဦးသက်ထွန်းဦးကို ဖမ်းဆီးခဲ့တာလို့ သူ့ရဲ့ညီဖြစ်သူက ပြောပါတယ်။
“သူတို့တရားခွင်လုပ်ထားတဲ့ ထောင်ဓမ္မရုံထဲမှာ တစ်ခါတည်းဖမ်းသွားတယ်။ မြို့မစခန်းမှူးက တရားလိုလုပ်ပြီး တိုင်ချက်ဖွင့်ထားတာပါ။ ဒီနေ့တရားရုံးမှာ ချုပ်ရက်(ရမန်)ယူမယ်”လို့ ပြောပါတယ်။
ရှေ့နေ ဦးသက်ထွန်းဦးကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲပြီး မြစ်ကြီးနားမြို့မရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သိရပါတယ်။
ရှေ့နေ ဦးသက်ထွန်းဦးဟာ မြစ်ကြီးနားမြို့က စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြရင်း ဖမ်းဆီးခံထားရသူတွေရဲ့ အမှုတွေကို အခမဲ့လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေများအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။