ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာအနီးမှာ ဇွန် ၂ ရက် ညနေ ၅ နာရီ မိနစ် ၂၀ ဝန်းကျင်က စစ်တပ်ရိက္ခာနဲ့ စစ်သည်တွေ သယ်ဆောင်လာတဲ့ သင်္ဘောတစ်စင်း ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ကသာဘက်ကနေ ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ရဲ့သင်္ဘော ရွှေကူမြို့နယ်ထဲက သာယာကုန်းနဲ့ ကျောက်ကြီးကျေးရွာကြား အရောက်မှာ ပစ်ခတ်ခံရတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျောက်ကြီးရွာသင်္ဘောဆိပ်နားမှာ အပစ်ခံရတာ၊ ရွာသားတွေတော့ ကြောက်လန့်ပြီး ပြေးကုန်ကြတာပေါ့။ ကျမတို့လည်း အခု ပုန်းကျင်းထဲမှာ အခုတော့ နှစ်ဘက် အပြန်အလှန် ပစ်နေကြတယ်။ နှစ်ဘက် ထိခိုက်မှုတော့ ကြောက်လို့ပုန်းနေရတာနဲ့ ဘာမှကို မသိရသေးဘူး။ သေနတ်သံတွေရော လက်နက်ကြီးသံတွေရော ကြားနေရတုန်းပဲ” လို့ပြောပါတယ်။
ရွှေကူမြို့နယ်အတွင်း ရေလမ်းမှတဆင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပို့ဆောင်နေတာဖြစ်ပြီး စစ်ရိက္ခာနဲ့ စစ်သားတွေ တင်လာတဲ့ ရေယာဉ်ကို မေလ ၂၈ ရက်နေ့ကလည်း ကေအိုင်အေက ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။