မွန်ပြည်နယ်၊ မုဒုံမြို့မှာ အကြမ်းဖက်စစ်ကောင်စီက အန်အယ်လ်ဒီ ပါတီဝန်းရံသူတွေကို ခုရက်ပိုင်းအတွင်း ဆက်တိုက်ရှာဖွေဖမ်းဆီးနေရာမှာ အနည်းဆုံး ၃ ယောက် ဖမ်းဆီးခံရတယ်လို့ မြို့ခံတွေကပြောပါတယ်။
မေလ ၃၀ ရက် ညပိုင်းက မုဒုံမြို့၊ စာစင်အလယ်ပိုင်းရပ်နေ အသက် ၆၀ နှစ်အရွယ် ဦးချစ်ဝင်းကို စစ်ကောင်စီက စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုပြီး နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီး မုဒုံမြို့မရဲစခန်းမှာ စစ်ဆေးနေတယ်လို့ မြို့ခံတွေကပြောပါတယ်။
မေလ ၂၇ ရက် ညပိုင်းကလည်း မုဒုံမြို့၊ မြို့မ ၁ ရပ်ကွက်၊ ဥယျာဉ်ခြံ ၁ လမ်းမှာနေတဲ့ အန်အယ်လ်ဒီ ပါတီဝန်းရံသူ အသက် ၃၉ နှစ်အရွယ် ကိုဟန်ဝင်းထွန်းကို တိမ်းရှောင်နေတဲ့နေအိမ်မှာ စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
မေလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းမှာ မုဒုံမြို့၊ မင်းတန်းရပ်မှာနေထိုင်တဲ့ CDM ဆရာမတစ်ယောက်ကိုဝင်ဖမ်းတာမှာမတွေ့တဲ့အတွက် သူ့ရဲ့မောင်ဖြစ်သူ အသက် ၃၉ နှစ်အရွယ် ကိုကျော်သူမျိုးကို စစ်ကောင်စီက ဖမ်းဆီးသွားပါတယ်။
ဖမ်းဆီးခံရတဲ့ ကိုဟန်ဝင်းထွန်းနဲ့ ကိုကျော်သူမျိုးတို့ကို သံဖြူဇရပ်စစ်ကြောရေးမှာ အကြမ်းဖက်နှိပ်စက် စစ်ဆေးနေတယ်လို့ သတင်းတွေထွက်နေပါတယ်။
မုဒုံမြို့မှာ ဒလန်တွေက သတင်းပေးတာကြောင့် ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲခံရသူတွေဟာ ရှောင်တိမ်းရခက်ခဲနေပါတယ်။
မုဒုံမြို့မှာ နေ့စဉ် စစ်တပ်က သေနတ်ပစ်ဖောက်တာတွေ၊ အသံဗုံးခွဲတာတွေ၊ မီးရှို့တာတွေကြောင့် စိုးရိမ်ထိတ်လန့်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။