မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ ၂ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးမှာ ဇွန် ၁၂ ရက် နေ့လယ် ၁ နာရီလောက်က ဗုံး နှစ်ကြိမ်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “ဗုံးပေါက်ကွဲမှုက နှစ်ကြိမ်လောက် ပေါက်ကွဲခဲ့တယ်။ လူထိခိုက်မှု ပျက်စီးမှုတော့ လက်ရှိမှာ မသိရှိရသေးသလို ပေါက်ကွဲမှု အပြီးမှာ စစ်ကောင်စီ တပ်ဘက်က လုံခြုံရေးကို တင်းကျပ်လိုက်တယ်”လို့ ပြောပါတယ်။
မုဒုံမြို့မ ၂ ရပ်ကွက်ရုံးကို Mundon Danger Fighter အဖွဲ့နဲ့ မွန်ပြည်နယ် အခြေပြုတော်လှန်ရေးအဖွဲ့အစည်း MSRO တို့က ပထမဆုံးပူးပေါင်းမှုဖြင့် အဝေးထိန်း မိုင်းနှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ တိုက်ခိုက်မှုအပြီးမှာ ထုတ်ပြန်ပါတယ်။
မုဒုံမြို့ရှိ စစ်ကောင်စီနဲ ပတ်သက်နေတဲ့ ဌာနဆိုင်ရာရုံးတွေ၊ စီးပွားရေး ဒေါက်တိုင်တွေအပါအဝင် သတင်းပေးတွေကိုပါ ထပ်မံရှင်းလင်းသုတ်သင်သွားမယ်လို့လည်း သတိပေးထားပါတယ်။