မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ(၂)ရပ်ကွက်၊ ကျောင်းသစ်ဘုန်ကြီးကျောင်းအနီးမှာ ဇူလိုင် ၂၇ ရက် မနက် ၉ နာရီခွဲလောက်က စစ်ကောင်စီလက်ပါးစေ စရဖတပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ကားကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မုဒုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ လက်အောက်ခံ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင် သုံး ယောက် ထိမှန်ခဲ့ပြီး သူတို့စီးနင်းလာတဲ့ကားလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
နန်းထိုက်အောင် စစ်ဆင်ရေးအရ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ဆင်ရေးပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စခန်းသို့ လုံခြုံစွာ ပြန်လည်ရောက်ရှိပြီလို့ ထုတ်ပြန်ထားပါတယ်။
စရဖတပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ကား ဗုံးခွဲတိုက်ခိုက်ခံရတာကြောင့် ပေါက်ကွဲမှုကို တမြို့လုံးနီးပါး ကြားရကြောင်းနဲ့ ဖောက်ခွဲခံရတဲ့ကားအောက်မှာ သွေးတွေ အိုင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ခိုက်ခံရတဲ့ စရဖတပ်ဖွဲ့ဝင်တွေကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေက လာရောက် ကောက်ယူသွားပြီး သုံးယောက်စလုံး အခြေအနေ မကောင်းဘူးလို့ ဆိုပါတယ်။
စရဖတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီးနောက် မုဒုံမြို့နယ်အဝင်အထွက် နေရာတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ပိတ်ဆို့ရှာဖွေ စစ်ဆေးနေပါတယ်။