ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၁၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီဝင် ဦးစိုင်းလင်းဇော်(ခ)လင်းလင်းဟာ ဇွန် ၁ ရက် ဒီနေ့မနက်က သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားပါတယ်။
ဒီနေ့မနက် ၈ နာရီလောက်က ခိုင်ရွှေဝါလမ်းနဲ့ အနော်ရထာလမ်းထောင့်မှာ သေနတ်ပစ်ခံရတာဖြစ်ပြီး သေနတ်ဒဏ်ရာရရှိခဲ့ကာ လှိုင်သာယာဆေးရုံပို့ဆောင်စဉ် သေဆုံးသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့ကလည်း ဦးစိုင်းလင်းဇော်ရဲ့နေအိမ်မှာ ဗုံးပေါက်ကွဲခဲ့ကာ လူထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။
ဦးစိုင်းလင်းဇော်ဟာ အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့ဝင် ဒေါ်သက်သက်ခိုင် ခေါင်းဆောင်တဲ့ PPP ပါတီရဲ့ ပါတီဝင်လည်းဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတုန်းက လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်ကနေ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့ပါတယ်။ သူဟာ စစ်ကောင်စီ သတင်းပေး ဒလန်အကြီးစားလို့လည်း ဒေသခံတွေက ပြောကြပါတယ်။
အဆိုပါပစ်ခတ်မှုအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လှိုင်သာယာမြို့ဝင်မြို့ထွက်၊ လမ်းဆုံတွေမှာ တားဆီး စစ်ဆေးမှုတွေ တင်းကျပ်ပြုလုပ်နေကြပါတယ်။