စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဧရာဝတီတိုင်းက စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်း ၁၃၇ ယောက်ကို ခွင့်မဲ့ ပျက်ကွက်တာ လုပ်ငန်းတာဝန်နဲ့ဌာနကနေ ကင်းကွာနေတာကို စစ်ဆေးတွေ့ ရှိတယ်ဆိုပြီး ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီရဲ့ မေလ ၁၉ ရက်နေ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။ အခုလို ထုတ်ပယ်လိုက်တဲ့ ဝန်ထမ်းတွေထဲမှာ အလုပ်သင်ဝန်ထမ်းနဲ့ နေ့စားဝန်ထမ်းတွေ မပါရှိသေးဘူးလို့ သိရပါတယ်။
၆ လအတွင်း အယူခံတင်သွင်းနိုင်တယ်လို့ ပြောဆိုထားပေမဲ့ အလုပ်ထုတ်ခံဝန်ထမ်းတွေကတော့ စစ်ကောင်စီလက်အောက်မှာ အလုပ်လုပ်မှာ မဟုတ်တာကြောင့် အယူခံမဝင်ဘူးလို့ အလုပ်ထုတ်ခံ ဝန်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။