မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မှာ မေ ၂၉ ရက်ညက ကဗျာဆရာ ကိုကျော်စွာ(ခ) ရာစုသစ်နဲ့ ကိုဇာနည်တို့ကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက်ဖမ်းဆီးသွားပါတယ်။
မနေ့ည ၁၁ နာရီကျော်လောက်မှာ မြင်သာရပ်ကွက် (၂၉)လမ်းနဲ့ သစ္စာလမ်းပေါ်မှာရှိတဲ့ ကဗျာဆရာ ရာစုသစ်ရဲ့ Century စားသောက်ဆိုင်ကို လက်နက်ကိုင်တပ်တွေ ဝင်ရောက်ပြီးတော့ ဆရာရာစုသစ်နဲ့ ကိုဇာနည်တို့ကို ဖမ်းဆီးသွားတာဖြစ်တယ်လို့ မြို့ခံတစ်ယောက်က ပြောပါတယ်။
ကဗျာဆရာ ရာစုသစ်ဟာ မကြာသေးခင်က နှလုံးခွဲစိတ်ကုသထားတဲ့အပြင် ရောဂါ အခြေနေမှာ စိုးရိမ်ရတဲ့အတွက် ဆရာဝန်တွေနဲ့ အဆက်မပြတ် ပြသနေရတာကြောင့် မိသားစု ဝင်တွေက ကျန်းမာရေးအတွက် စိုးရိမ်နေကြပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်ဖမ်းဆီးတဲ့အချိန်မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကားနဲ့ ဓာတ်ပုံတချို့ကို တွေ့ရှိပြီးတော့ သက်သေခံ ပစ္စည်းအဖြစ် သိမ်းယူသွားတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။