မြန်မာနိုင်ငံမှာ အယ်ဒီတာတစ်တစ်ဦးအဖြစ် အလုပ်လုပ်နေတဲ့ အမေရိကန်နိုင်ငံသား ဂျာနယ်လစ် ဒန်နီဖှန်းစတား ဖမ်းဆီးခံနေရတာနဲ့ ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်ပူပန်နေကြောင်း အမေရိကန်အစိုးရက မေလ ၂၉ ရက်မှာ ပြောကြားလိုက်ပြီး သူ့ကို ချက်ချင်းပြန်လွှတ်ပေးဖို့လည်း စစ်ကောင်စီကို ဖိအားပေး တောင်းဆိုလိုက်ပါတယ်။
ရန်ကုန်ရှိ အမေရိကန်သံရုံးမှ ကောင်စစ်ဝန် အရာရှိတွေဟာ ဂျာနယ်လစ် ဒန်နီဖှန်းစတားကို တွေ့ဆုံဖို့ ကြိုးစားခဲ့ပေမဲ့ သွားရောက်ခွင့် မရခဲ့ဘူးလို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားပါတယ်။
သူ့မိသားစုဆီကို ဘေးကင်းလုံခြုံစွာ ပြန်ရောက်သွားတဲ့အထိ ဆက်လုပ်သွားမယ်လို့လည်း ဆိုပါတယ်။
မြန်မာစစ်ကောင်စီအနေနဲ့ ကောင်စစ်ဝန်ရုံးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းသဘောတူညီချက်အရ ကောင်စစ်ဝန်ဆိုင်ရာကိစ္စတွေဆောင်ရွက်ဖို့ လိုအပ်သလိုဝင်ထွက်ခွင့်ကို နှောင့်နှေးချင်းမရှိ ပေးအပ်ဖို့ တိုက်တွန်းလိုက်ပြီး ဒန်နီယယ် ထိန်းသိမ်းထားချိန်အတွင်း သင့်တော်တဲ့ စောင့်ရှောက်မှုပေးရမယ်လို့လည်း တောင်းဆိုထားပါတယ်။
Frontier Myanmar သတင်းဌာနက မန်နေးဂျင်းအယ်ဒီတာ ဒန်နီဖှန်းစတားဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ မလေးရှားလေကြောင်းနဲ့ လိုက်ပါဖို့ပြင်ဆင်နေချိန် အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။
အသက် ၃၇ နှစ်အရွယ် ဒန်နီဖှန်းစတားကို ရန်ကုန် အင်းစိန်ထောင်ကို ပြောင်းရွှေ့လိုက်ပြီလို့ Frontier Myanmar က ပြောကြားခဲ့ပြီး ဘာကြောင့်အဖမ်းခံရတာလဲဆိုတာ မသိရသေးသလို ဆက်သွယ်လို့လည်း မရဘူးလို့ ဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေး၀န်ကြီးဌာနကတော့ ဒန်နီဖှန်းစတားကို ထိန်းသိမ်းထားတာနဲ့ တခြားသတင်းထောက်တွေအပေါ် အကြမ်းဖက်ပြီး ဖမ်းဆီးထားခြင်းတွေဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်အပေါ် လက်မခံနိုင်စရာ တိုက်ခိုက်မှုလို့ ခေါ်ဆို သုံးနှုန်းထားပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဒု၀န်ကြီး ၀င်ဒီးရှာမန်းဟာ လာမယ့်သီတင်းပတ်အတွင်း မြန်မာရဲ့ အိမ်နီးချင်းထိုင်းနိုင်ငံ အပါအဝင် အရှေ့တောင်အာရှဒေသကို လာရောက်မှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကိစ္စလည်း ဆွေးနွေးဖို့ ရှိပါတယ်။