ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မဏိဩဂအထက်တန်းကျောင်း (ခွဲ) မှာ မေ ၂၈ ရက်နေ့ည ၈ နာရီခွဲဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါကျောင်းက သင်ကြားရေးဝန်ထမ်း ၂၀ မှာ CDM ဝန်ထမ်း ၈ ဦးရှိပြီး ယခင်စာရင်းတွေအရ ကျောင်းသားဦးရေ ၃၀၀ ကျော်ရှိကာ လက်ရှိ အကြမ်းဖက်စစ်ကောင်စီလက်ထက်မှာ ကျောင်းအပ်သူဟာ မေလ ၂၉ ရက်နေ့အထိ ၁၄ ဦးသာ ရှိတယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက “ပေါက်ကွဲတာက ၈ နာရီခွဲလောက်မှာ ဟုတ်တယ်ဗျ။ ရုံးခန်းနဲ့ကပ်လျက် ကွန်ပျူတာခန်းတံခါးက မှန်တချို့ ကွဲသွားတယ်။ ပစ်တာက ၂ လုံး ပစ်တာ။ တလုံးက ကျောင်းရှေ့အလံတိုင်နားမှာကျတာ အဲဒီအလုံးကတော့ မပေါက်ကွဲသွားဘူး။ အသံကတော့ တော်တော်ကျယ်တယ်။ ဘယ်အဖွဲ့ရဲ့လက်ချက်ဆိုတာတော့ အခုထိ အတည်မပြုကြသေးဘူးခင်ဗျ” လို့ ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် ကျောင်းအပ်ထားတဲ့ မိဘတွေ စိုးရိမ်နေကြပြီး ကျောင်းဖွင့်ပါက သားသမီးတွေကို ကျောင်းမလွှတ်ရဲကြတော့ဘူးလို့ သိရပါတယ်။