မကွေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးနဲ့ စစ်အာဏာရှင်ပြုတ်ကျရေး သပိတ်ခေါင်းဆောင် ဦးနေမျိုးကျော်ကို မေ ၂၈ ရက်မှာ တရားရုံးက ထောင်ဒဏ် ချမှတ်လိုက်တယ်လို့ မြို့နယ်ရှေ့နေများအသင်းကနေ သိရပါတယ်။
ရွေးကောက်ခံ မကွေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးကို အကြမ်းဖက်စစ်ကောင်စီက ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် ၃ နှစ်နဲ့ စစ်အာဏာရှင်ပြုတ်ကျရေး သပိတ်ခေါင်းဆောင် လ.ဝ.က ဝန်ကြီးဟောင်း ဦးနေမျိုးကျော်ကို ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးအောင်နိုင်က ပြောပါတယ်။
အခုလို ပြစ်ဒဏ်ချမှတ်တာနဲ့ပတ်သက်လို့ ကာယကံရှင်မိသားစုတွေက တောင်းဆိုပါက ခရိုင်၊ တိုင်း၊ တရားရုံးချုပ်အထိ ခံစားခွင့်ရှိတဲ့ လျှောက်လဲချက်တွေကို အဆင့်ဆင့် လိုက်ပါကူညီပေးမယ်လို့လည်း ဆိုပါတယ်။
မကွေးမြို့မှာ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဆန္ဒပြတဲ့ ကျောင်းသား၊ ပြည်သူနဲ့ CDM ဝန်ထမ်း ရာဂဏန်းနီးပါးကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထားပြီး မကွေးမြို့နယ် ရှေ့နေများအသင်းက အခမဲ့ လိုက်ပါကူညီပေးနေတယ်လို့သိရပါတယ်။