စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ ချောင်းဇင်းကျေးရွာမှာ စစ်ကောင်စီရဲ့ တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပြီးနောက် အနီးပတ်ဝန်းကျင်ရွာက လူတွေ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ဟာ မေ ၂၆ ရက်က တိုက်ပွဲ ဖြစ်ခဲ့တာဖြစ်ပြီး ချောင်းဇင်းရွာအပါအဝင် အနီးနားက ရသစ်၊ ပေါက်ချောင်း၊ ရွာပုလဲ စတဲ့ ရွာတွေ က ဒေသခံတွေ နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်ကြတာဖြစ်ပါတယ်။
“ဒီမနက်ပဲ စစ်ကား (၃) စီးနဲ့လာပြီး ပတ်ရှာနေတယ်။ လေကြောင်းကနေ ပျံဝဲပြတာတွေ လည်းရှိတယ်။ နောက်ပြီး မြစ်ထဲကနေ စစ်ရေယာဉ်တွေလည်း ရောက်နေတယ် ပြောသံကြား တယ်။ ပစ်တာခတ်တာတော့ မရှိသေးဘူး။” လို့ ဒေသခံတစ်ဦး က ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေဟာ ချောင်းဇင်းရွာက ဘုန်းကြီး ကျောင်း နဲ့ စာသင်ကျောင်းတွေမှာ တပ်စွဲထားတယ်လို့ သိရပါတယ်။