ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တနိုင်း-မြစ်ကြီးနားလမ်း ရှဒူးဇွပ်ကျေးရွာက ပြည်သူ့စစ်ခေါင်းဆောင်မင်းဇင်သန့်ရဲ့ နေအိမ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တပ်ဖွဲ့ဝင်တချို့က မေလ ၂၆ ရက် ညနေ ၃နာရီခွဲလောက်က စီးနင်းဝင်ရောက်ခဲ့ရာမှာ ကေအိုင်အေ တပ်ဖွဲ့ဝင် ၄ ယောက်ကျဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှဒူဇွပ်ကျေးရွာမှာ နန်းတော်တမျှ ကြီးကျယ်ခမ်းနားစွာ ဆောက်လုပ်ထားတဲ့ ပြည်သူ့စစ်ခေါင်းဆောင် မင်းဇင်သန့်ရဲ့ နေအိမ်ကို ကေအိုင်အေ တပ်ဖွဲ့ဝင် ၇ ယောက်က ပါဂျဲရိုးကားနဲ့ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။
ပြည်သူ့စစ်ခေါင်းဆောင် မင်းဇင်သန့်က သူ့မိတ်ဆွေလောပန်းတွေနဲ့ ညနေပိုင်း ဝိုင်းဖွဲ့စားသောက် စကားပြောနေချိန်မှာ ဝင်ပစ်ခံခဲ့ရတာလို့ ရှဒူဇွပ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟောင်း တစ်ယောက်က ပြောပါတယ်။
အဲဒီအချိန်မှာ မင်းဇင်သန့်နဲ့ သူ့ကိုယ်ရေးအရာရှိတို့က ပြန်လည်ပစ်ခတ်တာကြောင့် ခေါင်းကိုထိမှန်တဲ့ ကေအိုင်အေတပ်ဖွဲ့ဝင် ၃ ယောက် နေအိမ်ခြံဝင်းအတွင်းသေဆုံးသွားခဲ့ပြီး ဝမ်းဗိုက်ကိုမှန်သွားတဲ့ တစ်ယောက်ကိုတော့ ကားပေါ်ဆွဲတင်ပြီး ပြန်လည်ခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူ့စစ်ခေါင်းဆောင်နဲ့သူ့တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာမရရှိခဲ့ပေမယ့် အတူထိုင်နေတဲ့ ရွှေလုပ်ငန်းရှင် လောပန်းတစ်ယောက်ကတော့ စိုးရိမ်ရဒဏ်ရာရရှိခဲ့ပါတယ်။
ပြည်သူ့စစ်တွေကို အာဏာသိမ်းစစ်အုပ်စုနဲ့ ပူးပေါင်းတာမျိုးတွေ မလုပ်ဖို့ ကေအိုင်အေက သတိပေးထားတာရှိပါတယ်။
ပြည်သူ့စစ်ခေါင်းဆောင် မင်းဇင်သန့်က အာဏာသိမ်းစစ်ကောင်စီနဲ့ နီးစပ်သူဖြစ်ပြီး တာဝန်ကျလာတဲ့ စစ်ကောင်စီအရာရှိတွေနဲ့ ပူးပေါင်းပြီး ရွှေလုပ်သားတွေကို စိတ်ကြွဆေး ဖြန့်ဝေတာ တရားမဝင်ရွှေလုပ်ငန်းလုပ်ကိုင်သူတွေဆီကနေ လစဉ်ကြေးကောက်ခံတာမျိုးတွေ လုပ်ဆောင်နေတဲ့သူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှဒူဇွပ်ကျေးရွာမှာ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ခလရ (၂၉၇) အထိုင်ချနေထိုင်နေပြီး ၊ တရားမဝင် ရွှေတူးဖော်မှု လုပ်ငန်းတွေဆီကနေ ငွေကြေးကောက်ခံနေတဲ့အပြင်၊ လောင်စာဆီတင်သွင်းတဲ့မော်တော်ကားတွေဆီကလည်း တစ်စီးကို ကျပ် ၁၅ သိန်းကနေ သိန်း ၃၀အထိ ကောက်ခံနေတယ်လို့စုံစမ်းသိရှိရပါတယ်။