တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ မေလ ၂၆ ရက် ဒီကနေ့ ညနေ ၃ နာရီက နေရာ သုံးနေရာ တပြိုင်တည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
ဒေသခံတဦးက " အ ထ က ၃ အနောက်ဘက် အိမ်ရာရယ်၊ ဆေးရုံအရိုးကုဆောင်ထပ်က အိမ်သာနားရယ်၊ နောက်တစ်နေရာက ကျနော်လည်း မရောက်နိုင်ဘူး။ စရဖ ရုံးနဲ့ စစစ လုံးရုံးကြားနားတစ်လုံး လို့ပြောတယ်။ လူသူ ထိခိုက်မှုတော့ မရှိဘူး" လို့ ပြောပါတယ်။
ပေါက်ကွဲမှု ဖြစ်ရာနေရာကို ရဲနဲ့ စစ်တပ်က သွားရောက် စစ်ဆေးခဲ့ပါတယ်။
ဒီမနက်ပိုင်းကလည်း မူဆယ်မြို့မဈေးမှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် သီချင်းဆို အလှူခံနေတဲ့ လူငယ်တွေကို အရပ်ဝတ် ဝတ်ဆင်သူတွေက ဖမ်းဆီးသွားပြီး ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးပါဘူး။
ဒီမနက်ပိုင်းမှာပဲ မူဆယ်ခရိုင် ကွက်ခိုင် ရှုခင်းသာတဝိုက် စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အရှေ့မြောက် စီးပွားရေး လမ်းမကြီးမှာ ကားအတက်အဆင်း ခဏရပ်ထားရခဲ့ရပြီး နေ့ခင်းပိုင်းမှ ပုံမှန်သွားလာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။