Home
မြန်မာသတင်း
မူဆယ်တွင် စစ်ဘေးရှောင်ပြည်သူများအတွက် သီချင်းဆို အလှူခံနေသည့် လူငယ် ၆ ဦး ဖမ်းဆီးခံရ
DVB
·
May 26, 2021
MuSe offer for IDP arrested

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ရှိ မြို့မဈေးမှာ မတ်လ ၂၆ ရက် ဒီနေ့မနက်က စစ်ဘေးရှောင်ပြည်သူတွေကို ထောက်ပံ့ကူညီနိုင်ဖို့  သီချင်းသီဆို အလှူငွေ ကောက်ခံနေကြတဲ့ လူငယ် ၆ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားပါတယ်။ 

ဒီနေ့မနက် ၁၁ နာရီ ၄၅ မိနစ်လောက်က စစ်ကောင်စီလုံခြုံရေးအဖွဲ့တွေဖြစ်တဲ့ အရပ်ဝတ်တွေအပါအဝင် စစ်တပ်၊ ရဲနဲ့  ပြည်သူ့စစ်အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွား​တယ်လို့ မျက်မြင် ဒေသခံ လူငယ်တွေက ပြောပါတယ်။ 

"စစ်ဘေးရှောင် တိုင်းရင်းသားဒေသတွေအတွက် သီချင်းဆို ရန်ပုံငွေ ကောက်ခံနေတဲ့ လူငယ် ၆ ဦးကို မူဆယ်စျေးအတွင်း စစ်ကောင်စီက ဖမ်းဆီးသွားတယ်" လို့ အမည်မဖော်လိုသူ မျက်မြင်တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေက မပြည့်ပြည့် (အသက် ၃၂ နှစ်)၊ မငြိမ်းသီတာ (အသက် ၂၈ နှစ်)၊ မစိုးစုလှိုင် အသက် (၂၄ နှစ်)၊ မထက်ယမင်းနွယ် (အသက် ၂၀ နှစ်)၊ မောင်စွမ်ဝမ်း (အသက် ၁၇ နှစ်)နဲ့ အမည်မသိရသေးတဲ့ နောက်တစ်ဦးပါဝင်ပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ ကာယကံရှင် လူငယ်တွေရဲ့ မိဘတွေက မူဆယ် ရဲစခန်းကို သွားမေးမြန်းခဲ့ပေမယ့် ဘယ်နေရာကို ခေါ်ဆောင်ပြီး စစ်ဆေးမေးမြန်းတယ်ဆိုတာ မသိရလို့ အထူးစိုးရိမ် ပူပန်နေရ​တယ်လို့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024