ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်မှာ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့တို့အကြား မေလအတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ကျေးရွာ ရွာ ၅ ရွာက လူထုနေအိမ် ၁၂၀ ကျော် လုံးဝ ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း လူနေအိမ်တွေ ပျက်ဆီးသွားတဲ့ ကျေးရွာတွေကတော့ နမ့်ဆန်မြို့သွား သီပေါ- နမ္မတူကားလမ်းမကြီးဘေးက မန်လီ၊ မန်ကျန်၊ ပန်လုံ၊ မန်ဆာ၊ ရေအိုး ရွာတွေက နေအိမ်အဆောက်အအုံတွေဖြစ်ပါတယ်။
အခုလက်ရှိ နေအိမ်ပျက်စီးသွားတဲ့ ပြည်သူတွေဟာ သီပေါမြို့က ဘေးဒဏ်သင့် ပြည်သူ့ ကူညီကယ်ဆယ်ရေးရုံး၊ နမ္မတူမြို့နယ်က ပန်သပြေကျေးရွာဘုန်းကြီးကျောင်း၊ မန်စံကျေးရွာ ဘုန်းကြီးကျောင်း၊ ကောင်းဟုန်းကျေးရွာဘုန်းကြီးနဲ့ သီပေါ-နမ္မတူကားလမ်းနဘေးတွေမှာ ယာယီမိုးကာတဲ ထိုးပြီး ဖြစ်သလို နေထိုင်နေရပါတယ်။
သူတို့တွေအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေပြီး ရေရှည်ပြန်လည်ထူထောင်ရေး အတွက်လည်း ထောက်ပံ့ပေးဖို့ လိုအပ်နေတာပါ။ လက်ရှိ စစ်ရေးအခြေအနေကတော့ ဆက်လက်တင်းမာမှုတွေ ရှိနေပြီး ခရီးသွား ပြည်သူတွေ ကို နှစ်ဖက်တပ်ဖွဲ့တွေက တားဆီးစစ်ဆေးမေးမြန်းတာတွေ ရှိနေပါတယ်။
အခုတိုက်ပွဲဖြစ်ခဲ့တဲ့ နမ္မတူမြို့နယ်ထဲက ကျေးရွာတွေမှာ TNLAနဲ့ SSPP ပူးပေါင်းတပ်ဖွဲ့ တွေ နဲ့ RCSS တပ်ဖွဲ့ကြား ၂၀၁၆ ခုနှစ်ကစလို့ နယ်မြေအငြင်းပွားမှု တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ဒီတစ်ကြိမ်ဖြစ်တဲ့ တိုက်ပွဲကတော့ ပြည်သူလူထု အဆုံးရှုံး အနစ်နာဆုံး တိုက်ပွဲ တစ်ခုဖြစ်ခဲ့ပါတယ်။