ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း ‘ယာစ်(YAAS)’ဟာ မြန်မာနိုင်ငံကို ဝင်ဖို့မရှိဘဲ အဝါရောင်အဆင့် သတ်မှတ်လိုက်ပြီလို့ မိုး/ဇလဌာနရဲ့ ဒီနေ့ မနက် ၄ နာရီထုတ်ပြန်ချက်အရ သိရပါတယ်။
‘ယာစ်(YAAS)’ဟာ မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားလာခဲ့ပြီး အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိခဲ့ပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းဟာ နောက် ၄၈ နာရီမှာ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း ကမ်းခြေနဲ့ အနောက်ဘင်္ဂလားပြည်နယ်တို့ကြား ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ မုန်တိုင်းဟာ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့ရဲ့ အနောက်မြောက်ဘက် ရေမိုင် (၃၃၀)မိုင်ခန့် ၊ ပုသိမ်မြို့ရဲ့ အနောက်ဘက် ရေမိုင် (၃၃၅)မိုင်ခန့် ၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ရှ်မြို့ရဲ့ တောင်-အရှေ့တောင်ဘက်နဲ့ ဒီဂါမြို့ရဲ့ တောင်-အရှေ့တောင်ဘက် ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ သိရပါတယ်။
‘ယာစ်(YAAS)’ရဲ့အရှိန်ကြောင့် ဒီနေ့မနက်မှ နောက် ၄၈ နာရီအတွင်း ပဲခူး၊ ရန်ကုန်၊ဧရာဝတီတိုင်းနဲ့ရခိုင်ပြည်နယ်တွေမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်ပြီး မိုးကြီးနိုင်သလို မြစ်ဝကျွန်းပေါ်၊ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ မိုးသက်လေပြင်း ကျရောက်ကာ လှိုင်းကြီးမယ်လို့ အသိပေးထားပါတယ်။
ဒါကြောင့် မိုးရွာတာနဲ့အတူ လေပြင်းတိုက်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုး/ဇလဌာနက ပြည်သူတွေကို သတိပေးထားပါတယ်။