ရန်ကုန်တိုင်း၊ သာကေတမြို့နယ် အထွေထွေအုပ်ရေးမှူးရုံးဧရိယာမှာ မေလ ၂၅ ရက် ဒီကနေ့ မနက် ၅ နာရီလောက်က လုံခြုံရေးအစောင့်စစ်သားတွေက ပစ်ခတ်လို့ အသက် ၄၀ အရွယ် အမျိုးသား တစ်ယောက် သေဆုံးသွားပါတယ်။
သေဆုံးသူအမျိုးသားဟာ ရုံးခြံ၀င်းအတွင်း ဝင်ရောက်လာတာကို အစောင့်စစ်သားတွေက မေးမြန်းဖို့ ခေါ်ရာမှာ ထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးရင်း သေဆုံးသွားတာလို့ ဒေသခံ တချို့ကပြောကြပေမဲ့ တချို့ကတော့ ဒီအမျိုးသားဟာ ရုံးဧရိယာတွင်း ၀င်ရောက်လို့မဟုတ်ဘဲ မနက်စောစောပိုင်း ရုံးရှေ့ ကတ္တရာလမ်းပေါ်မှာ သွားနေတုန်း လှမ်းခေါ်ရာက ထွက်ပြေးလို့ လှမ်းပစ်တာလို့လည်းဆိုကြပါတယ်။
သေဆုံးသူဟာ ရုံးတည်ရှိရာ အမှတ် ၅ ရပ်ကွက် သိင်္ဂီ ၂ လမ်း (မြောက်) က လက်ရှိ စစ်ကောင်စီလက်ထက်ရာအိမ်မှူး ဦးတင်ထွန်းရဲ့သား ကိုရဲလင်းထိုက်ဖြစ်ပြီး စိတ်မူမှန်မဟုတ်သူ၊ အတက်ရောဂါရှိသူလို့ သိရပါတယ်။
သေဆုံးသူရဲ့ အလောင်းကို မိသားစုဝင်တွေကို ပြန်မပေးဘဲ စစ်တပ်က ကားနဲ့ယူဆောင်သွားသလို သေဆုံးသူရဲ့အိမ်ကို စစ်သားတွေက ၀င်ရောက်ရှာဖွေ စစ်ဆေးနေကြတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။