မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ထဲက ကျေးရွာ ၆ ရွာမှာ မေလ ၂၃ ရက်နေ့ည ၁၁ နာရီကျော်လောက်က ဗုံးပေါက်ကွဲမှု ၆ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဗုံးပေါက်ကွဲတဲ့ နေရာတွေကတော့ ပွင့်ဖြူမြို့နယ် ဆည်တော်ကျေးရွာ စစ်မှုထမ်းဟောင်း ဦးတင်သောင်းရဲ့ လှိုင်ကော်ဖီဆိုင်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဆိုင်ခေါင်မိုးတချို့ ပျက်စီးခဲ့ကာ စစ်ကောင်စီရဲ့တပ်တွေရောက်လာတယ်လို့ ဒေသခံတစ်ယောက်က ဒီဗွီဘီကိုပြောပါတယ်။
ဒါ့အပြင် ရွှေလှေကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမင်းအောင်ရဲ့နေအိမ်၊ ထနောင်းကုန်းရွာ အထက(ခွဲ)၊ ပေါက်စုရွာက အမကကျောင်း၊ ရွာထောင်ကျေးရွာ အမက ကျောင်း၊ အင်းကုန်းရွာ မူလွန်ကျောင်းတွေမှာ ဗုံးတစ်လုံးစီ ပေါက်ကွဲခဲ့ပြီးတော့ ဖလံကျင်းကျေးရွာ စစ်ကောင်စီခန့် ရာအိမ်မှူးအိမ်နားမှာတော့ လက်လုပ်ဗုံးတစ်လုံး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီပေါက်ကွဲမှုတွေ ဖြစ်ပြီးတဲ့နောက်မှာတော့ အကြမ်ဖက်စစ်ကောင်စီတပ်တွေက ကျေးရွာထဲ ဝင်ရောက်ရမ်းကားပြီးတော့ သေနတ်တွေ ပစ်ဖောက်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။