မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်က ပြင်ပဘော်ဒါဆောင်ကျောင်းအုပ်တစ်ဦး မကွေးအကျဉ်းထောင်မှာ သေဆုံးခဲ့ပြီး မေ ၂၃ ရက်က မြို့သစ်သုသာန်မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သေဆုံးတဲ့သူ ဆရာဖိုးတုတ်(ခ)မျိုးခိုင်ထွန်းဟာ နွေဦးတော်လှန်ရေး သပိတ်တိုက်ပွဲတွေမှာ တက်ကြွလှုပ်ရှားတာကြောင့် မတ် ၂၃ ရက်နေ့မှာ အကြမ်းဖက်စစ်သူပုန်တွေရဲ့ ရိုက်နှက်ဖမ်းဆီးခံခဲ့ရတာလို့ မြို့သစ်မြို့ခံတစ်ယောက်က ပြောပါတယ်။
ဆရာဖိုးတုတ်ဟာ ရောဂါအခံရှိသူဖြစ်ပြီးတော့ မေ ၂၁ ရက်က မကွေးအကျဉ်းထောင်မှာ ထောင်တွင်းတရားရုံး ထုတ်စစ်ဆေးပြီးတော့ ပုံစံထိုင်ခိုင်းတဲ့အချိန် မွန်းလွဲ ၂ နာရီကျော်လောက်မှာ လဲကျ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
သင်္ဂြိုဟ်တဲ့နေရာမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေက နေရာယူထားပြီး လိုက်ပါ ပို့ဆောင်တဲ့ ပြည်သူတွေကို ဓာတ်ပုံရိုက်ခွင့်၊ Facebook တင်ခွင့်တွေကို တားမြစ်ထားတယ်လို့ ပြောပါတယ်။
မြို့သစ်မြို့နယ်အတွင်း စစ်အာဏာရှင်ပြုတ်ကျရေး နွေဦးတော်လှန်ရေး သပိတ်တိုက်ပွဲတွေမှာ တက်ကြွလှုပ်ရှားတဲ့ ဒေသခံပြည်သူ ၉ ယောက် အဖမ်းခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။