ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် (ကြာအင်းဆိပ်ကြီးမြို့နယ်)မှာ စစ်ကောင်စီက ဖွင့်လှစ်တဲ့ စာသင်ကျောင်းတွေမှာ စာသင်ကြားပေးမယ့် ဆရာ၊ ဆရာမတွေရဲ့ လုံခြုံရေးကို တာဝန်ယူ မဆောင်ရွက်ပေးနိုင်တဲ့အတွက် မလိုလားအပ်တဲ့ပြဿနာတွေ မဖြစ်ပေါ်လာစေဖို့ ကျောင်းဖွင့်လှစ်ခွင့် လုံးဝမပြုနိုင်ကြောင်း ကေအန်ယူက မေ ၁၆ ရက်နေ့က သဘောထားထုတ်ပြန်ထားပါတယ်။
ပညာရေးယန္တရားလည်ပတ်စေဖို့ နည်းလမ်းပေါင်းစုံနဲ့ ပြည်သူလူထု သဘောထားမပါဘဲ ဖိအားပေး ခြိမ်းခြောက်ပြီး မတရားသောနည်းနဲ့ လုပ်ဆောင်တာတွေကိုပါ မပြုလုပ်ဖို့လည်း ထုတ်ပြန်ချက်မှာ သတိပေးဖော်ပြထားပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ်မှာ စစ်ကျွန်ပညာရေး ဖွင့်လှစ်သင်ကြားမယ့် စာသင်ကျောင်းတွေကို နည်းလမ်းပေါင်းစုံနဲ့ ကန့်ကွက် ဆန္ဒပြသွားမယ်လို့ CDM မှာပါဝင်တဲ့ ပညာရေးဝန်ထမ်းတွေက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့က ကေအန်ယူက သဘောထားထုတ်ပြန်လိုက်တာကို ကြိုဆိုတယ်။ စစ်ကျွန်ပညာရေးကို မထောက်ခံသလို ဖွင့်လှစ်မယ့်ကျောင်းတွေကိုလည်း ကန့်ကွက်သွားမယ်။ နည်းလမ်းပေါင်းစုံနဲ့ ကန့်ကွက်ဆန္ဒပြသွားမယ်” လို့ CDM မှာပါဝင်တဲ့ ပညာရေးဝန်ထမ်းတစ်ဦးက ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတဝန်း စာသင်ကျောင်းအားလုံးမှာ မေ ၂၅ ရက်နေ့က စတင်ပြီး ကျောင်အပ်နှံဖို့နဲ့ ဇွန် ၁ ရက်နေ့က စတင်ပြီး ပညာသင်ကြားနိုင်ရေးအတွက် စစ်တပ်နဲ့ ရဲအပြင် အရပ်သားတွေကိုပါအသုံးပြုပြီး လုံခြုံရေးဆောင်ရွက်ပေးသွားမယ်လို့ ပြောထားပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ်မှာ အာဏာဖီဆန် CDM မှာ ပါဝင်သူ ဆရာ၊ ဆရာမ ၅ဝဝ ကျော်နဲ့ ဖမ်း၀ရမ်း ထုတ်ခံထားရသူတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပညာရေးဝန်ထမ်းတွေရှိသလို မေ ၁၁ ရက်နေ့က ပညာရေးဝန်ထမ်း ၂ဝဝ ကျော် တာဝန်မှ ယာယီရပ်ဆိုင်းခံထားရပါတယ်။