ရန်ကုန်၊ လမ်းမတော်မြို့နယ်မှာ မေလ ၁၈ ရက် ဒီမနက်အစောပိုင်းက ဗုံး ၂ လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
ကိုင်းတန်းလမ်းက အုပ်ချုပ်ရုံးမှူးရုံးမှာ ဒီနေ့ မနက် ၅ နာရီကျော်လောက်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဲ့နေရာကို အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်သွားချိန်မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာပါ။
ဦးမျိုးလွင်ရဲ့ အလောင်းကို ဒီနေ့ မနက် ၆ နာရီလောက်မှာ လမ်းမတော် ၈ လမ်းမှာ ဦးခေါင်းသေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာတွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်ဟာ အကြမ်းဖက်စစ်ကောင်စီက ခန့်အပ်ထားတဲ့သူဖြစ်ပြီး ဒီနေ့ဗုံးပေါက်မှုဖြစ်ပွားချိန် အကြမ်းဖက်စစ်ကောင်စီကခေါ်လို့သွားရာကနေ ခုလိုပစ်သတ်ခံခဲ့ ရတာလည်းဖြစ်ပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာ ရဲ ၂ ဦးနဲ့ ယာဉ်ထိန်းရဲ ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Photo - CJ