ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ (ကေအန်ယူ၊ ဒူးပလာယာခရိုင်) မှာ ကရင့်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ညှိနှိုင်းပေးမှုနဲ့ ဆန္ဒပြမှုနဲ့ ဖမ်းဆီးခံရသူတစ်ဦး ပြန်လည်လွတ်မြောက်လာတယ်လို့ မေ ၁၆ ရက်နေ့မှာ မြို့ခံတွေက ပြောပါတယ်။
မေ ၁၄ ရက် မနက်ပိုင်းက ပြောက်ကျားသပိတ် ပြုလုပ်အပြီး နာရီပိုင်းမှာပဲ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်နဲ့ရဲတွေက ဆန္ဒပြပြည်သူတွေကို မြို့အနှံ့ လိုက်လံရှာဖွေဖမ်းဆီးရာမှာ ရပ်ကွက် ၂၊ ရေတွင်းလမ်းမှာ နေထိုင်တဲ့ ဒေါ်ဇင်မာနဲ့ နော်ဝါးဂေထူးတို့ နှစ်ဦးရဲ့ နေအိမ်အတွင်းကို အတင်းအဓမ္မဝင်ရောက်ဖမ်းဆီးခဲ့တာပါ။
“တစ်ဦးပြန်လွတ်လာတာ ဟုတ်ပါတယ်။ ကရင့်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ညှိနှိုင်းပေးမှုနဲ့ ပြန်လွတ်ပေးလိုက်တာ။ ကျန်တစ်ယောက်ကိုတော့ အမှုဖွင့်ထားတယ် သိရတယ်” လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူနှစ်ဦးအနက် နော်ဝါးဂေထူး တစ်ဦးသာ ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပြီး ဒေါ်ဇင်မာဦးကို ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုထားပါတယ်။
ဘုရားသုံးဆူမြို့မှာ အကြမ်းဖက်စစ်ကောင်စီက ဆန့်ကျင်တော်လှန်တဲ့ဆန္ဒပြသူတွေကို လိုက်လံဖမ်းဆီးမှုတွေရှိနေပေမယ့် ပြောက်ကျားသပိတ် ဆန့်ကျင်ဆန္ဒပြပွဲတွေ ပြုလုပ်နေကြတာပါ။