စဉ့်ကိုင်မြို့ မုံပင်ရွာကို ဒီမနက် ၃ နာရီက အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ စစ်ကား ၄ စီး၊ အင်အား ၃၀ ကျော်နဲ့ ရွာကိုဝင်စီးပြီး ရိက္ခာတွေကို သယ်ယူသွားတယ်လို့ သိရပါတယ်။
ရွာက ကလေးတစ်ယောက်ကို သေနတ်တွေနဲ့ ထုပြီး သူတို့ဖမ်းချင်တဲ့သူတွေ အိမ်တွေကို လိုက်ပြခိုင်းတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
သပိတ်ခေါင်းဆောင်ဆိုသူ ကိုထွန်းဝေ၊ ကိုနေသိုင်းအောင်နဲ့ ဦးအောင်မြင့်ကို လာရှာပြီး လူမတွေ့တာကြောင့် အိမ်ကို ရိုက်ချိုးဖျက်ဆီးကာ ဆန်အိတ်နဲ့အစားအသောက်တွေ ယူဆောင် သွားကြတာပါ။
အိမ်က တံခါးမှန်သမျှ ရိုက်ဖျက်ပြီး သူတို့ လိုချင်သမျှ အသုံးအဆောင် ပစ္စည်းတွေနဲ့ ပိုက်ဆံတွေကို စစ်ကားတွေပေါ်တင်ပြီး ယူဆောင်သွားကြတယ်လို့ သိရပါတယ်။
အဲဒီလို ရွာကို သေနတ်ဖောက်ဝင်စီးတာကြောင့် ရွာသားတွေ မိုးမလင်းခင်ကတည်းက ထွက်ပြေးရပြီး မနက် ၆ နာရီလောက်မှ ပြန်လာနိုင်ကြတယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက "သူတို့က လူဖမ်းရုံတင်မဟုတ်ဘူး။ သေနတ်ပြပြီး ဓားပြတိုက်တဲ့အဆင့်ရောက်နေပြီ။ ရွာမှာ သူတို့ ဖမ်းချင်တဲ့ခေါင်းဆောင်တွေ မရှိတာ သိရဲ့သားနဲ့ ရိက္ခာပြတ်တိုင်း ရွာကို ဝင်စီးပြီး သူတို့ လိုချင်တာ ယူယူသွားတယ်'' လို့ ပြောပါတယ်။
မုံပင်ရွာကို ဝင်စီးတာ ၃ ကြိမ်မြောက်ဖြစ်ပြီး အရင်အခေါက်ဝင်စီးခဲ့စဉ် မဆိုင်တဲ့ ကလေး၊ လူကြီး ၄ ဦး အဖမ်းခံရကာ တစ်ယောက် ၁ သိန်းစီနဲ့ ပြန်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။
မေ ၁၅ ညပိုင်းက ကျောက်ဆည်မြို့ပေါ်မှာ သေနတ်ဖောက်ပြီးနောက် ဒီကနေ့မနက်မှာ မုံပင်ကို ဝင်စီးခဲ့တာပါ။
ညက ကွမ်းယာဆိုင်ဝင်ဝယ်တဲ့ လူငယ်တစ်ယောက်အား အကြမ်းဖက်စစ်အုပ်စုက လိုက်ဖမ်းရာမှာ ထွက်ပြေးတာကြောင့် မြို့ပေါ်မှာ သေနတ်သံတွေနဲ့ ဆူညံခဲ့တာဖြစ်ပါတယ်။
အဲဒီချိန်မှာပဲ လိုက်ဖမ်းနေတဲ့ ရဲနဲ့စစ်သားတွေကို အမည်မသိအဖွဲ့က ဂျင်ကလိနဲ့ လိုက်ပစ်ခဲ့တယ်လို့ သိရပါတယ်။
ကျောက်ဆည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KDDF က "ကျောက်ဆည်ပြည်သူက ရဲနဲ့စစ်သားတွေကိုမကြောက်ကြတော့ဘူး။ စစ်ကားတွေ လာရင်ကို ဘေးမှာ ကပ်လိုက်ပြီး တပူးပူးတတွဲတွဲ ဖြစ်ကုန်ကြပြီ။ သေနတ်ဖောက် ဗုံးကွဲရင်လည်း ငြိမ်နေကြတော့ တိကျတဲ့နေရာ အချိန်မသိရတော့ဘူး။ စစ်ကောင်စီဘက်က ညဘက်လိုချင်တဲ့သူ လိုက်ဆွဲပြီး လုပ်ချင်တာလုပ်နေလည်း ကျောက်ဆည်က ကြွမလာဘူး'' လို့ ပြောပါတယ်။