မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာမှာ မေလ ၁၁ ရက်နဲ့ ၁၂ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ကျူးကျော်လာတဲ့ စစ်ကောင်စီတပ်တွေဟာ အမျိုးသမီးတွေနဲ့ ကလေးတွေအပါအဝင် အပြစ်မဲ့ပြည်သူ ရာနဲ့ချီကိုဖမ်းဆီးပြီး လူသားဒိုင်းပြုလုပ်ခဲ့တယ်လို့ DRPA က ထုတ်ပြန်ပါတယ်။
မေလ ၁၁ ရက်မွန်းလွဲပိုင်းကစတင်ပြီး စစ်ကောင်စီတပ်က စစ်ကာ ၁၀ စီးနဲ့ အကြမ်းဖက်လာရောက်တိုက်ခိုက်ခဲ့တာကြောင့် အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် DRPA က စစ်သည်တော်တွေနဲ, မြင်းခြံပြည်သူ့ကာကွယ်ရေးတပ် MPDF စစ်သည်တော်တွေနဲ့ ဒေသခံ ပြည်သူတွေ ပူးပေါင်းတိုက်ခိုက်ခဲ့လို့ တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။
ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး DRPA က ယာယီဒုဦးစီးချုပ်က "စစ်ကောင်စီဘက်က အခုလို ကျွံလာတဲ့အတွက် မလွှဲသာမရှောင်သာ တိုက်ပွဲအခြေအနေရောက်သွားတာပါ။ လက်နက်အင်အား လူအင်အားမမျှပေမဲ့ ကျနော်တိုနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပြည်သူတွေဟာ ရရာလက်နက်နဲ့ ရွံရွံချွံချွံ ပြန်တိုက်ပေးတဲ့အတွက် လေးနက်စွာ ဂုဏ်ပြုအပ်ပါတယ်။”လို့ပြောပါတယ်။
စစ်ကောင်စီဘက်က ကလေးငယ်တွေအပါအဝင် ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့လည်း DRPA ဘက်က ပြောပါတယ်။
“စစ်ကောင်စီဘက်က ၂ နှစ်ခွဲကလေးအပါအဝင် အပြစ်မဲ့ပြည်သူတွေကို ဖမ်းပြီး တိုက်ပွဲအတွင်းမှာ လူသားဒိုင်းပြုလုပ်ခဲ့တာကြောင့် ကျနော်တို့ ခံစစ်ကနေ ဆုတ်ခဲ့ရပါတယ်။ ဒါဟာ ဖက်ဆစ်တွေရဲ့ လူမဆန်ဆုံးလုပ်ရပ်ဖြစ်တယ်။ မြင်းခြံ PDFက မြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့ ခေါ်ခဲ့ပေမဲ့ မြို့ကိုသိမ်းနိုင်တယ်ပဲထားဦး ပြည်သူတွေရဲ့ နောက်ဆက်တွဲ ပြဿနာတွေ စားနပ်ရိက္ခာ၊ ဆေးဝါး၊ ဆက်သွယ်ရေးတွေကို တာဝန်ယူနိုင်မှာမဟုတ်သေးဘူး။ ဒီတိုက်ပွဲကနေ ရလိုက်တာက လက်နက်အင်အား လူအင်အားနည်းနေသေးတဲ့အချိန်မှာ တိုက်ပွဲပုံစံ ဖော်ဆောင်လို့မရသေး ဘူးဆိုတာပါပဲ'' လို့ DRPA က ယာယီဒုဦးစီးချုပ်က သုံးသပ်ပြောကြားပါတယ်။
ဒီတိုက်ပွဲမှာ DRPA က အတည်ပြုထားတဲ့ မြေပြင်အခြေအနေအရ စစ်ကောင်စီဘက်က ၅ ယောက်သေပြီး ထိခိုက်ဒဏ်ရာများကြောင်းနဲ့ တော်လှန်ရေးမဟာမိတ်အင်အားစုတွေ ဘက်ကလည်း ဖမ်းဆီးခံထားရသူတွေ၊ ဒဏ်ရာရထားသူတွေရှိနေကြောင်း DRPA ထံက သိရပါတယ်။
DRPA နဲ့ပြည်သူဘက်က လက်နက်အပါအဝင် စစ်သည်တော် ၆ ဦး ကျည်ထိဒဏ်ရာတွေနဲ့ အဖမ်းခံလိုက်ရပြီး ပေါင်မှာ ကျည်ဆန်ထိမှန်ခဲ့သူ ၁ ဦးနဲ့ လက်မောင်းကျည်ဆန်ထိထားသူ ၁ ဦးတို့ အသက်ဆုံးရှုံးသွားပြီလို့ မှတ်ယူနိုင်တယ်လို့ ဆိုပါတယ်။
ပေါင်ထိထားတဲ့ စစ်သည်တော်ဟာ ဖမ်းဆီးခံလိုက်ရပြီးနောက် စစ်ကောင်စီဘက်က ဓာတ်ပုံပြသတင်းထုတ်ပြန်ချိန်မှာ ပါမလာတော့ဘဲ ပျောက်ဆုံးသွားတာဖြစ်ပြီ လက်မောင်းထိထားတဲ့ စစ်သည်တော်ကတော့ စစ်ကြောရေးမှာ အသက်ဆုံးရှုံးလိုက်ရတယ်လို့ DRPA က ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားရာ တလုပ်မြို့က စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်တာတွေကို ပံ့ပိုးကူညီဖို့ဆောင်ရွက်သွားမှာဖြစ်ပြီး အာဏာရှင်လက်ပါးစေ အကြမ်းဖက်စစ်တပ်ကိုလည်း နည်းမျိုးစုံနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ DRPA က ထုတ်ပြန်လိုက်ပါတယ်။
ဒီတိုက်ပွဲမှာ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိကာ ပြည်သူတွေဘက်က အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦးတို့ကို လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းတွေနဲ့ အတူ ဖမ်းဆီးရမိတယ်လို့ စစ်တပ်ပိုင်မီဒီယာတွေက ထုတ်လွှင့်ပါတယ်။
Photo- CINCDS