ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင်ထဲမှာ မေလ ၁၂ ရက်က တရားမဝင် ဝင်ရောက်သူတွေ တင်ဆောင်လာတဲ့ကားက စစ်ဆေးရေးဂိတ်ကို တိမ်းရှောင်ထွက်ပြေးစဉ် ယာဉ်တိုက်မှုဖြစ်ပွားပြီး မြန်မာ ၆ ဦးဒဏ်ရာရသွားပါတယ်။
ထောင်းဖာဖူးမြို့နယ်ထဲကို တဘက်နိုင်ငံက တရားမဝင်သူတွေ လှေနဲ့စီးပြီးဝင်ရောက်လာကြောင်း ကြိုတင်သတင်းရထားတဲ့အတွက် တာဝန်ရှိသူတွေက နေရာ အသီးသီးမှာ စောင့်ကြပ်ခဲ့ပါတယ်၊ မေလ ၁၂ ရက် မနက် ၃ နာရီလောက်မှာတော့ ခနွန်ခလီရွာ ဘက်ကနေ မောင်းလာတဲ့ကား ၃ စီးကိုတွေ့လို့ တာဝန်ရှိသူတွေက လူယောင်ပြထွက်ပြီး တားဆီးဖို့ ပြင်ခဲ့ကြောင်း၊ တာဝန်ရှိသူတွေကိုတွေ့တော့ ပထမဆုံးကားက ချက်ချင်း နောက်ပြန်လှည့်ပြီး အမြန်မောင်းစဉ်နောက်ကလိုက်လာတဲ့ကားနဲ့ မျက်နှာချင်းဆိုင်ပြန်တိုက်မိပြီး ၁ စီးက တိမ်းမှောက်သွားကာ နောက်တစီးမှာ ကားခေါင်းတခုလုံးပျက်စီးသွားတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေရောက်သွားချိန်မှာ ကားမောင်းသမား ၃ ဦးလုံး မှောင်ရိပ်ခို ထွက်ပြေးသွားပြီး ထိခိုက်ဒဏ်ရရသူ ၆ ဦးတွေ့ကြောင်း၊ သူတို့ကို ထောင်းဖာဖူး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ကျန်သူတွေကိုစစ်ဆေးရာထိုင်းနိုင်ငံထဲ ဝင်ရောက်ခွင့်အထောက်အထား တစုံ တရာမရှိတဲ့အတွက် အဆိုပါ ကား ၃ စီးကနေ တရားမဝင် ဝင်ရောက်သူပေါင်း ၄၅ ဦးနဲ့ လမ်းပြ ၁ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
နောက်ထပ် တရားမဝင်သူတွေတင်ဆောင်လာတဲ့ ကားရှိနေသေးကြောင်းသတင်းရတဲ့ အတွက်တာဝန်ရှိသူတွေက နယ်မြေထဲလိုက်လံရှာဖွေရာမှာ မနက် ၈ နာရီမှာတော့ တော အုပ်အနီး လမ်းဘေးမှာရပ်ထားတဲ့ ဟိုင်းလပ်ကား ၁ စီးပေါ်ကနေ နောက်ထပ်တရားမဝင် ဝင်ရောက်သူ ၃၁ ဦးကို ကားသမား ၁ ဦးနဲ့အတူ ဖမ်းမိခဲ့ပါတယ်။ အဆိုပါ ကား ၄ စီးမှာ တစ်ဖွဲ့ တည်းဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းပိုင်းဘက်သွားပြီးအလုပ်လုပ်ဖို့ ပွဲစားကို ၁ ဦးလျှင် ဘတ် ၁၆၀၀၀ စီပေးခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီနေ့ ည ၉ နာရီလောက်မှာလည်း ကန်ကျနပူရီမြို့နယ် ဘန့်ကောင်ကျေးရွာအုပ်စုရှိ တောအုပ်ထဲကနေ တရားမဝင်ဝင်လာပြီး ထိုင်းနိုင်ငံအတွင်းပိုင်းဘက် ဆက်လက်ဝင်ရောက်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသား ၂၉ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ သူတို့တွေဟာ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ကဖြစ်ပြီး တောထဲကနေ ၄ ရက်က ခြေလျင်လျှောက်ခဲ့ရကြောင်း၊ ထိုင်းမှာ အလုပ်လာလုပ်ဖို့ ပွဲစားကို ၁ ဦးလျှင် ဘတ် ၁၀၀၀၀ မှ ၂၀၀၀၀ ထိ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
မနေ့က တနေ့တည်းမှာဘဲ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာသူပေါင်း ၁၀၆ ဦး အဖမ်း ခံခဲ့ရတယ်လို့ the reporters ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဖမ်းဆီးခံရသူတွေ အားလုံးကို ကိုဗစ် - ၁၉ ရောဂါအခြေခံစစ်ဆေးပြီး လဝက ဥပဒေနဲ့အရေးယူကာ ပြည်နှင်ဒဏ်ပေးမယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။