ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု မမုံကျေးရွာက စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြ ခေါင်ဆောင်လို့ ယူဆရတဲ့သူ ၁၂ ဦးကို မေ ၁၀ ရက် မနက် ၅ နာရီလောက်က နေအိမ်တွေမှာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ မမုံရွာသားတွေက ပြောပါတယ်။
ဒီနေ့မနက်အစောပိုင်း ၆ နာရီလောက်မှာ အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်နဲ့ရဲတွေဟာ မမုံရွာကို ကား ၉ စီး လောက်နဲ့ ရောက်ရှိလာပြီး နေအိမ်တချို့က လူတွေကို ဖမ်းဆီခဲ့တာလို့ ရွာသားတွေက ပြောပါတယ်။
"ဒီမနက်အစောကြီးပဲ စစ်သားတွေရော၊ ရဲတွေရော အင်အားများတယ်။ သူတို့ ထင်တဲ့ အိမ်ကို ဝင်ဆွဲတာပဲ။ ဒီလို အိမ်တွေထဲကို ဖမ်းတာဟာ ဒလန်တွေကြောင့် ခုလိုဖြစ်ရတာ "လို့ ဆန္ဒခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
ဖားကန့်မြို့နယ်မှာ ဆန္ဒပြသူတွေကို ဆန္ဒပြရင်တွေ့မှသာ ဖမ်းလေ့ရှိပြီး အခုလို သေနတ်တွေနဲ့ ပစ်ဖောက် ဖမ်းတာမျိုးလည်း မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်မြို့နယ်အတွင်းမှာ စစ်အာဏာရှင်ကို ဆန္ဒဖော်ထုတ်မိလို့ သေဆုံးသူ ၃ ဦးရှိနေပြီး ဖမ်းဆီခံရသူ ၅၀ ဦးထက်မနည်း ရှိနေနိုင်တယ်လို့ သိရပါတယ်။