ပုသိမ်မြို့ပေါ်ရှိ ဆိုင်ကယ်အရောင်းဆိုင်တွေကို ပိတ်သိမ်းထားရန် ပုသိမ်စည်ပင်သာယာရေး အဖွဲ့က မေ ၈ ရက်မှာ အကြောင်းကြားစာပို့လာတယ်လို့ သိရပါတယ်။
“ဆိုင်ပိတ်ဖို့ စည်ပင်က လာပို့တယ်။ ဘာကြောင့်ပိတ်မှန်းမသိဘူး။ ပြီးခဲ့တဲ့ညက ဧရာဝတီတိုင်းထဲ ဆိုင်ကယ်အရောင်းဆိုင်တွေကို ဝင်စစ်တာတွေ လုပ်တယ်။ ဘာကြောင့်လုပ်တာ မသိဘူး။ အခုလို အချိန်က အရောင်းအဝယ်မရှိ ပိတ်ရတော့ အခက်အခဲတော့ ရှိတာပေါ့” လို့ ပုသိမ်မြို့ ဆိုင်ကယ်အရောင်းအဝယ်ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။
စည်ပင်သာယာအဖွဲ့က ပို့တဲ့စာမှာ လူကြီးမင်းရဲ့ ဆိုင်ကယ်အရောင်းဆိုင်ကို စာရတဲ့အချိန်က စပြီး ပိတ်သိမ်းဖို့ ညွှန်ကြားကြောင်း အသိပေးထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုက မေ ၇ ရက် ညပိုင်းက မြန်မာနိုင်ငံရှိ ဆိုင်ကယ်အရောင်းဆိုင်တွေကို ဝင်ရောက်ရှာဖွေ စစ်ဆေးကာ ဆိုင်ကယ်တွေ ယူဆောင်သွားတာတွေလည်း ရှိတယ်လို့ သိရပါတယ်။