ကချင်ပြည်နယ် ရွှေကူမြို့မှာ မေလ ၈ ရက်နေ့မနက် ၄ နာရီဝန်းကျင်က သင်္ဘောဆိပ်တံတားနဲ့ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) ရုံးရှေ့မှာ ပေါက်ကွဲမှု ၃ ကြိမ်ဆက်တိုက် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုကြောင့် သင်္ဘောဆိပ်တံတား ပလက်ဖောင်းနှစ်ဖက်စလုံးမှာ ပွင့်ထွက်မှုတချို့ဖြစ်သွားကာ စစ်ဘက်ရေးရာလုံခြုံရေးရုံးအရှေ့မှာ ကာထားတဲ့အုတ်တံတိုင်း ၂ ခန်း ပြိုကျပျက်စီးသွားတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနက် ၄ နာရီကျော်ရုံလေးပဲဗျ။ ပေါက်ကွဲသံကြီး ကြားလိုက်ရတယ်။ ပထမတစ်ချက် ပေါက်ကွဲပြီး သိပ်မကြာဘူး၊ နောက်ထပ် ၂ လုံးဆက်တိုက် ပေါက်ကွဲသံ ကြားရတယ်။ ပေါက်ကွဲမှုအားပြင်းပုံရတယ်ဗျ။ စရဖ ရုံးရှေ့က ဒေါ်ပြာဒီးမုန့်တိုက်က မှန်တချို့ ကွဲအက်တာတွေ ရှိတယ်၊ ကျနော်တို့မှာ အိပ်သာအိပ်နေရတယ်၊ ဘယ်အချိန် ကိုယ့်ဘေးမှာ ပေါက်ကွဲမှုဖြစ်မလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့အိပ်မပျော်ဘူးဗျ။ အရင်တစ်ခါလည်း OSS ရုံးနဲ့ အမှတ် ၂ ရပ်ကွက်မှာဖြစ်ပြီးပြီ။ ဒါတွေက ပြည်သူတွေကို အကြောက်တရားသွင်းတဲ့ စစ်ကောင်စီရဲ့ ၈၈ က အကွက်တွေလို့ပဲ မြင်တယ်။ ပြီးရင် ပြည်သူတွေက အကြမ်းဖက်နေပါတယ်ဆိုပြီး ခေါင်းစဉ်တပ်လာနိုင်တယ်။”
အဆိုပါပေါက်ကွဲမှုကြောင့် သင်္ဘောဆိပ်တံတားမှာ ဖြတ်သန်းသွားလာလို့မရလောက်အောင် ထိခိုက်ပျက်စီးသွားတာမျိုး မရှိဘူးလို့ သိရပါတယ်။