မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ တော်လှန်ရေးအောင်မြင်နိုင်ခြေနဲ့ ပတ်သက်ပြီး Researcher Myanmar အဖွဲ့က စစ်တမ်းပြုလုပ်ရာ ဖြေဆိုသူ ၈၅ ဒသမ ၄ ရာခိုင်နှုန်းက တော်လှန်ရေး အောင်မြင်မယ်လို့ ယုံကြည်နေကြတယ်လို့ သိရပါတယ်။
စစ်တမ်းကောက်ခံရာမှာ နေပြည်တော်အပါအဝင်၊ တခြား တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုလုံးပါအောင် ကောက်ယူထားတာဖြစ်ပြီး တော်လှန်ရေးအောင်မြင်မယ်လို့ ယုံကြည်သူ ၈၅ ဒသမ ၄ ရာခိုင်နှုန်း၊ အောင်မြင်မည်မထင်ဟု ဖြေကြားသည့်သူ ၄ ဒသမ ၅ ရာခိုင်နှုန်းနဲ့ အောင်မြင်မယ် မအောင်မြင်ဘူး မပြောတတ်ပါဟု ဖြေကြားသူ ၁၁ ဒသမ ၁ ရာခိုင်နှုန်း ရှိကြောင်း စစ်တမ်းအရ သိရပါတယ်။
ဘာကြောင့်အောင်မြင်နိုင်သလဲဟု မေးမြန်းရာမှာ ပြည်သူ့တွန်းလှန်မှုကြောင့်ဟု ဖြေဆိုသူ ၄၂ ဒသမ ၂ ရာခိုင်နှုန်း၊ အောင်စိတ်ကြောင့်ဟုဖြေဆိုသူ ၁၈ ဒသမ ၈ ရာခိုင်နှုန်း၊ ဝန်ထမ်းများ၏ အာဏာဖီဆန်ရေးလုပ်ရှားမှု CDM ကြောင့်ဟု ဖြေဆိုသူ ၁၃ ဒသမ ၃ ရာခိုင်နှုန်း၊ CRPH ၏ လုပ်ဆောင်မှုကြောင့်ဟု ဖြေဆိုသူ ၁၁ ဒသမ ၈ ရာခိုင်နှုန်း၊ စစ်ကောင်စီကို နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ် မပြုသောကြောင့်ဟု ဖြေဆိုသူ ၈ ဒသမ ၄ ရာခိုင်နှုန်း၊ နိုင်ငံတကာလုပ်ဆောင်မှုကြောင့်ဟု ဖြေဆိုသူ ၆ ရာခိုင်နှုန်းရှိပါတယ်။
ဒါ့အပြင် လူငယ်များ၏ မဆုတ်မနစ်ကြိုးပမ်းမှုကြောင့်ဟု ဖြေဆိုသူ ၄ ဒသမ ၆ ရာခိုင်နှုန်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့်ဟု ဖြေဆိုသူ ၃ ဒသမ ၆ ရာခိုင်နှုန်း၊ အမှန်တရားဘက်ကသာနိုင်မည်ဟု ယုံကြည်သောကြောင့်ဟုဖြေဆိုသူ ၃ ဒသမ ၁ ရာခိုင်နှုန်း၊ သတင်းမီဒီယာများပွင့်လင်းလာသည့်အတွက်ဟု ဖြေဆိုသူ ၂ ဒသမ ၂ ရာခိုင်နှုန်းနှင့် တပ်တွင်းစည်းလုံးမှု ပြိုကွဲနေလို့ဟု ဖြေဆိုသူ ၁ ဒသမ ၂ ရာခိုင်နှုန်း အသီးသီးရှိနေကြောင်း စစ်တမ်းမှာ ဖော်ပြပါတယ်။
အလားတူ အဆိုပါ စစ်တမ်းမှာ မြို့များထိခိုက်နေမှု အခြေအနေ၊ အာဏာသိမ်းမှုကြောင့် လူတစ်ဦးချင်း ထိခိုက်မှုများ၊ ရပ်ရွာအပေါ် ထိခိုက်မှုများ၊ တစ်နိုင်ငံထိခိုက်နစ်နာမှု အခြေအနေများကို စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ငွေကြေးလည်ပတ်မှု၊ အနာဂတ်ရည်မှန်းချက်၊ ပြည်တွင်းစစ်၊ ကုန်ဈေးနှုန်း၊ အလုပ်အကိုင်အခွင့်အလမ်း စတဲ့ အချက်တွေအပေါ် အခြေခံကာ တွေ့ဆုံမေးမြန်းထားကြောင်းသိရပါတယ်။