စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် ပင်တင်းကျေးရွာကို မေ ၃ ရက်နေ့ ည ၁၁ နာရီလောက်က အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ အင်အားအလုံးအရင်းနဲ့ ဝင်လာပြီး နေအိမ် ၃ လုံးကို ဝင်ရောက်ဖျက်ဆီးပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးသွားပါတယ်။
ကျေးရွာမှာရှိတဲ့ သတင်းပေး ဒလန်အိမ် ၃ အိမ်နဲ့ စစ်ကျွန်ပညာရေးစနစ်ကို အသက်သွင်းနေတဲ့ ဆရာမတစ်ယောက်ရဲ့ အိမ်ကို ရွာသူရွာသားတွေက ဝိုင်းတာကြောင့် အာဏာသိမ်း စစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ လာရောက်ခဲ့တာပါ။
“စစ်ကောင်စီက လူတွေရောက်လာပြီး သေနတ်နဲ့ ပစ်သွားတာ အချက် ၆၀ လောက်ရှိတယ်။ နောက်ပြီး ရပ်ကျေး NLD ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ အိမ်တွေကို ဝင်ပြီး ဖျက်ဆီးတာတွေ လုပ်သွားကြတယ်။ ကျနော်တို့ ရွာက ရွာသားတစ်ယောက်လည်း ဖမ်းဆီးခံလိုက်ရတယ်” လို့ ကျေးရွာဒေသခံတစ်ဦး က ပြောပါတယ်။
ဖမ်းခံလိုက်ရသူမှာ အသက် ၂၇ နှစ်အရွယ် ကိုနေမျိုးအောင် ဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်သူတစ်ဦးဖြစ်ပါတယ်။
ဒါ့အပြင် အာဏာသိမ်း စစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ ရွာက ပြန်အထွက်မှာ ရွာလုံခြုံရေးတံခါးနဲ့ ကင်းတဲကို ဖျက်ဆီးပြီး မီးရှို့သွားပါတယ်။