ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ထဲမှာ ရှမ်းပြည်တပ်မတော် RCSS နဲ့ မြောက်ပိုင်းမဟာမိတ် TNLA၊ SSPP တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲဖြစ်ပွားပြီး လူနေအိမ်တွေ မီးလောင်ခံနေရတာမှာ ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့ ကလည်း မန်လီကျေးရွာက နေအိမ်တွေ မီးထဲပါသွားခဲ့ရပါတယ်။
မေလ ၂ ရက်နေ့ မနက်မှာ လက်နက်ကိုင်တပ်ဖွဲ့က မန်လီရွာထဲရောက်နေသူတွေကို အကုန်ရှောင်ခိုင်းပြီး အဲဒီနောက်မီးလောင်တယ်လို့ စစ်ရှောင်တွေကို သွားရောက်ကူညီနေတဲ့ သီပေါမြို့နယ် SNLD ပါတီမှ နန်းမွှမ်းမွှမ်းပေါင်းက ဒီဗွီဘီကို ပြောပါတယ်။
“မနေ့တုန်းက စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ သီပေါ- စားသုံးသူရေးရာဂိုဒေါင်ကိုရောက်ခဲ့တယ်၊ အဲဒီမှာ မန်လီရွာသားတွေကပြောပြတာပေါ့နော်၊ သူတို့ရွာမှာ အိမ်မီးလောင်တယ်၊ နေ့ခင်းမှာ ၄ လုံး နောက်ညနေပိုင်းမှာ ၃၀ လုံးထပ်လောင်တယ်တဲ့၊ အဲဒီမတိုင်ခင်က ရွာကိုပြန်ကြည့်တဲ့သူတွေကို လက်နက်ကိုင်အဖွဲ့ကရှောင်ခိုင်းတယ်၊ သူတို့ရှောင်ပြီးတာနဲ့ ပစ်ခတ်သံတွေကြားတယ်၊ ပြီးတော့ အိမ်မီးလောင်တယ်၊ ဘယ်အဖွဲ့က ရှောင်ခိုင်းသလဲဆိုတာတော့ မပြောရဲကြဘူး၊ သူတို့ရွာမှာ အရင်လကလည်း အိမ် ၅ လုံး လောင်သွားတာ စုစုပေါင်း ၄၀ နီးပါးလောင်တာပေါ့နော် ”
သီပေါမှာစစ်ပြေးရှောင်နေတဲ့ မန်လီရွာသားတစ်ယောက်ကလည်း မီးလောင်တာကို အဝေး ကနေသာ လှမ်းမြင်ရလို့ ဘယ်လိုကြောင့်လောင်ရလဲဆိုတာ မသိရကြောင်း၊ ဒီဗွီဘီကို ပြောပါတယ်။
“ ဘယ်လိုလုပ်မီးလောင်သွားလဲတော့မသိဘူးပေါ့၊ ၂ ရက်နေ့ညက မီးလောင်နေတာကို အဝေးကနေပဲ တွေ့ရတယ်လေ၊ မီးလောင်ပြီးနောက်နေ့မှ ဘယ်သူ့အိမ်တွေပါသွားလဲဆိုတာ သွားကြည့်ကြတာ၊ အိမ်ကြီးအိမ်ကောင်းတွေလည်းပါတယ်၊ စစ်သားတွေအကြောင်းတော့ မပြောချင်ပါဘူး၊ မပြောလဲမပြောရဲဘူး၊ ငါတို့က ပလောင်စစ်သားလဲကြောက်တယ်၊ ရှမ်းစစ်သားလဲကြောက်တယ်၊ ဗမာစစ်သားလဲကြောက်တယ်၊ ဒီမှာနေတာ စားဖို့နေဖို့ မပူရပေမယ့် ကိုယ့်အိမ်မှမဟုတ်ဘဲ၊ ရွာမှာအိမ်ပြန်ဆောက်ပြီး အေးအေးဆေးဆေး လုပ်ကိုင်စားသောက်ချင်တယ်၊ ငါတို့အိမ်ပြန်ဆောက်ဖို့ ကူညီကြပါ ”
မန်လီရွာမှာ ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့ကလည်း တိုက်ပွဲကြောင့် နေအိမ် ၅ လုံးမီးလောင်ခဲ့ပြီး ရွာသားတွေအကုန်နီးပါး သီပေါမြို့ကို တိမ်းရှောင်ခဲ့ရပါတယ်။
မန်လီရွာဟာ နမ္မတူနဲ့ သီပေါမြို့နယ်ကြားမှာရှိပြီး အိမ်ခြေ ၁၀၀ လောက်ရှိတဲ့ ရွာကြီး တစ်ရွာဖြစ်ကာ ပလောင်တိုင်းရင်းသားအများစုနေထိုင်ကြပါတယ်။
နမ္မတူမြို့နယ် ပန်လုံကျေးရွာမှာလည်း တိုက်ပွဲကြောင့် ပြီးခဲ့တဲ့ မတ်လကုန်ပိုင်း၊ ဧပြီလ ဆန်းပိုင်းနဲ့ ဧပြီ ၂၁ ရက်နေ့တွေမှာ အိမ်ခြေစုစုပေါင်း ၄၅ လုံး မီးလောင်ကျွမ်းခဲ့ပါတယ်။
ပန်လုံရွာ၊ မန်လီရွာနဲ့ အနီးနားဝန်းကျင်က ရွာသားတွေဟာ နမ္မတူမြို့ဘက်မှာရော သီပေါမြို့နယ်မှာပါ ထွက်ပြေးတိမ်းရှောင်နေတာ တစ်လကျော်ခဲ့ပြီဖြစ်ပါတယ်။
မန်လီမှာ မေလ ၂ ရက်နေ့က တနေကုန်ပစ်ခတ်သံကြားရပြီး အဲဒီအနီးရှိ သီပေါမြို့နယ် တာတေရွာထဲကို လက်နက်ကျည် ၃ ခါကျလာတာကြောင့် တာတေကျေးရွာကလူတွေ လည်း မန်ကောင်းရွာဘက်ကို အယောက် ၄၀ ကျော်၊ ပန်နေရွာဘက်ကို ၁၀၀ ကျော်တိမ်းရှော င်လာတယ်လို့ နန်းမွှမ်းမွှမ်းပေါင်းက ပြောပါတယ်။
နမ္မတူမြို့နယ်ဘက်က တိုက်ပွဲတွေကြောင့် သီပေါမြို့နယ်မှာ စစ်ပြေးရှောင်စခန်း ၆ ခု ဖွင့်ထ ထားရပြီး စစ်ပြေးရှောင်ပြည်သူ ၁၃၀၀ ကျော် ဝင်ရောက်ခိုလှုံနေကြပါတယ်။