ချင်းပြည်နယ်၊ ဟားခါးမြို့၊ ကျောဘုတ်ရပ်ကွက်မှာ စစ်ကောင်စီအကြမ်းဖက်တပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် CDF (Hakha) တို့ မေလ ၂ ရက် ညနေပိုင်းကတည်းက အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားနေပါတယ်။
စစ်ကောင်စီအနေနဲ့ ဒီနေ့ ညနေ ၄ နာရီမတိုင်ခင် ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးရေး၊ အကြမ်းဖက်မှုတွေ မပြုလုပ်ရေးအပါအဝင် သတိပေးထုတ်ပြန်ချက်တစ်စောင်ကို ဟားခါး CDF က မေလ ၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပြီး တောင်းဆိုချက်တွေ မလိုက်လျောရင် စစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမယ့်အကြောင်းကိုလည်း ကြေညာထားပါတယ်။
ပစ်ခတ်မှုတွေအတွင်း လက်ရှိမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေလည်း ရှိနေသလို စစ်ကောင်စီတပ်တွေက ဖလမ်းဘက်ကနေ လာရောက်ကာ စစ်ကူပေးနေတယ်လို့ သိရပါတယ်။ ဒေသခံတချို့ကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
တိုက်ပွဲကာလအတွင်း အရပ်သားပြည်သူတွေအနေနဲ့ အပြင်မထွက်ဖို့ ၊ မိမိရဲ့ ယာဉ်တွေကို စစ်ကောင်စီတပ်သားတွေကို ပေးမသုံးဖို့၊ အသုံးပြုလို့ ပျက်စီးရင် တာဝန်မယူတဲ့အကြောင်းနဲ့၊ စစ်ကောင်စီတပ်တွေတွေကို တွေ့တဲ့နေရာမှာ ချေမှုန်းပြီး လက်နက်တွေရယူကာ CDF ကိုအပ်နှံပေးကြဖို့လည်းနှိုးဆော်ထားပါတယ်။
ဒီနေ့ မနက်ပိုင်းကလည်း CDF ဌာနချုပ်က အချက် ၁၁ ချက်ပါ ထုတ်ပြန်ချက် တစ်စောင် ကို ဖြန့်ဝေထားပါတယ်။