ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့မှာ မေ ၂ ရက် ဒီကနေ့မနက်က စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေး သပိတ်စစ်ကြောင်းကို ရဲနဲ့စစ်တပ်က အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းရာမှာ ပြည်သူ ၂ ဦး ကျဆုံး ၊ အများအပြား ဒဏ်ရာရကာ ဆန္ဒပြသူ အနည်းဆုံး ၁၈ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
ရာနဲ့ချီတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေဟာ ဒီကနေ့မနက် ၉ နာရီလောက်က နောင်ချိုမြို့ ဘူတာရပ်ကွက်ထဲမှာ လူစုပြီး တန်းစီလှည့်လည်လာစဉ် အကြမ်းဖက်စစ်တပ်နဲ့ ရဲကားတွေရောက်လာပြီး အသံဗုံး၊ မျက်ရည်ယိုဗုံး၊ ရာဘာကျည်နဲ့ရော ကျည်အစစ်နဲ့ပါ ပစ်ခတ်ခဲ့တာလို့ နောင်ချိုဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“ ဒီကနေ့သပိတ်စစ်ကြောင်းက မနက် ၉ နာရီဝန်းကျင်မှာထွက်တယ်။ လူအင်အားက ၂၀၀ နဲ့ ၃၀၀ ကြားမှာရှိပါတယ်ခင်ဗျ။ ၁၅ မိနစ်လောက်နေတော့ ကျနော်တို့ရပ်ကွက်ထဲကနေ နောက်တစ်ရပ်ကွက်ကိုသွားမလို့ လမ်းမကြီးကနေကူးလိုက်တဲ့ခါမှာ သူတို့က စစ်ကားနဲ့ဝင်တိုက်ပြီး တော့ စပြီး တော့ဖြိုခွဲတာ။ ပြီးတော့ရဲကားတွေ အုပ်လိုက်ကြီး လိုက်လာတာ။ သူတို့က အစတုန်းက အသံဗုံးသုံးတယ်၊ နောက်တော့ အမှတ် ၁ ကျောင်းနားရောက်တော့ မျက်ရည်ဗုံးနဲ့ ထုတယ်၊ တကယ့်ကျည်နဲ့လည်းပစ်တယ် ၊ ရာဘာကျည်နဲ့လည်းပစ်တယ်၊ ကျနော်တို့လူစုလည်း ဟိုဘက်တခြမ်းဒီဘက်တခြမ်းကွဲသွားတယ်”။
ရဲနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ အများအပြားရှိသလို အမျိုးသား ၂ ဦးလည်း သေဆုံးသွားတယ်လို့ သိရပါတယ်။
နောင်ချိုမြို့ခံ လူငယ် ၁ ဦးက “ကျည်ထိတဲ့လူတွေအများကြီးဘဲ ခြေထောက်တွေ ကိုမှန်ကြတယ်။ ဆန္ဒပြတဲ့လူတွေက တဖြည်းဖြည်းဆုတ်ရင်းဆုတ်ရင်းနဲ့ တောထဲရောက်သွားတာတောင် တောထဲထိလိုက်ဖမ်းတယ်၊။ နေ့ခင်း ၁၂ နာရီ ၁ နာရီထိ အခြေနေတွေရှုပ်နေတာ၊ နောက်တော့ ကျဆုံးသူ ၂ ယောက်ရှိတယ်ဆိုတာ သိရတယ်။ တစ်ယောက်က သပိတ်စစ်ကြောင်းထဲကို လမ်းကနေဖြတ်လိုက်လာတာ၊ နာမည်က ဦးဝင်းနိုင် အသက် ၄၅ နှစ် ဆီးခုံကိုကျည်ထိမှန်ပြီး ဆေးရုံမှာဆုံးတယ်၊ နောက်တယောက်က အသက် ၇၀ လောက် အဘိုးကြီး၊ သူကတော့ သပိတ်စ စ်ကြောင်းကမဟုတ်ဘူး။ သူ့ဖာသာသူလမ်းသွားရင်းနဲ့ သပိတ်ဖြိုခွင်းတာနဲ့တိုးပြီး ကျည်မှန်တာ၊ သူနဲ့ပတ်သက်ပြီး အသေးစိပ်တော့မသိရဘူး၊ ဒဏ်ရာရသူဦးရေလည်း မသိပါဘူးခင်ဗျ၊ ”လို့ ပြောပါတယ်။
ထွက်ပြေးတဲ့လူတွေ လိုက်ဖမ်းရာမှာ ဖမ်းဆီးခံရသူ အနည်းဆုံး ၁၈ ဦးရှိကြောင်း၊ သူတို့ကို ရပ်မိရပ်ဖနဲ့ ရှေ့နေတွေ သွားရောက်အာမခံပေးပြီး ဒီကနေ့ ညနေမှာပြန်လွတ်လာပြီလို့ ဆိုပါတယ်။
နောင်ချိုမြို့မှာ စစ်တပ်အာဏာသိမ်းပြီးကတည်းက နေ့စဉ်လို ဆန္ဒပြခဲ့ပြီး မတ်လ ၂၇ တော်လှန်ရေးနေ့နောက်ပိုင်းမှာ အကြမ်းဖက်လူစုခွဲခံရလို့ ပြောက်ကျားသပိတ်နဲ့သာ ပြည်သူတွေက ဆက်လက် ဆန္ဒပြနေကြတာပါ၊
ဒီကနေ့ ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးနေ့မှာတော့ ခါတိုင်းထက်လူအင်အားများစွာ ထွက်လာပြီး ခုလို သပိတ်စစ်ကြောင်း အကြမ်းဖက် ဖြိုခွဲခံရတာလို့ နောင်ချိုဒေသခံ ပြောပါတယ်။