မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်၊ ဖလံဖိုရွာမှာ ဒလန်တစ်ယောက် ဓားထိုးခံရမှုနဲ့ပတ်သက်ပြီး ဧပြီ ၃၀ ရက်မှာ စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက ရွာကို လာရောက်ခြိမ်းခြောက်သွား တယ်လို့သိရပါတယ်။
ရဲနဲ့စစ်သားတွေဟာ ဖလံဖိုရွာကို နေ့စဉ်လိုလို လာရောက်ပြီး ရိက္ခာနဲ့ရွှေငွေ လုယက်တာ၊ PSI စလောင်းတွေ အဓမ္မ ဖြုတ်ခိုင်းတာ၊ ရွာသားတွေကို မတရားဖမ်းဆီးခံရတာတွေရှိနေတယ်လို့ လည်းပြောပါတယ်။
ဧပြီ ၂၉ ရက် နေ့လယ်ပိုင်းမှာ ဖလံဖိုရွာက ထူးခြားလက်ဖက်ရည်ဆိုင်ပိုင်ရှင်ရဲ့သားဖြစ်သူ ကိုဘောကြီးဟာ တစ်ယောက်ထဲ ဆိုင်ကယ်မောင်းလာစဉ် အမည်မသိ မျက်နှာဖုံးစွပ်လူ ၄ ဦးရဲ့ ဓားနဲ့ ဝိုင်းထိုး လုပ်ကြံ ခံခဲ့ရပါတယ်။ လက်ရှိမှာ သူဟာ အသက်မသေသေးဘဲ နေအိမ်မှာပဲ ဆေးကုမှုခံယူနေရပါတယ်။
ကိုဘောကြီးဟာ တစ်ရွာလုံးက ဒလန်အဖြစ်သတ်မှတ်ခြင်းခံထားရသူလည်းဖြစ်ပြီးသူ့ရဲ့ သတင်းပေးတိုင်တန်းမှုကြောင့် ရွာသားတွေဖမ်းဆီးခံရတာနဲ့ ရိက္ခာနဲ့ ပစ္စည်းဥစ္စာတွေ လုယက်ခံနေရတာလို့ ရွာခံတွေကပြောပါတယ်။