အလောဘွမ်တောင်စခန်းကို စစ်ကောင်စီရဲ့ လေတပ်က ဂျက်တိုက်လေယာဉ် ၉ စီးလောက်နဲ့ ဒီနေ့ ဧပြီ ၃၀ မှာ အပြင်းအထန် လာရောက်ပစ်ခတ်နေတယ်လို့ ကေအိုင်အိုသတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေက သူတို့ဆုံးရှုံးထားတဲ့ အလောဘွမ်တောင်ကုန်း ပြန်လည်ရရှိရေး မြေပြင်ထိုးစစ်ဆင်တာတွေ လုပ်ခဲ့ရာမှာ အကျအဆုံး များခဲ့ပြီး မသိမ်းနိုင်သေးတဲ့အတွက် အခုလို လေကြောင်းကနေ လာရောက်တိုက်ခိုက်နေတာလို့ သူက ပြောပါတယ်။
ဒီနေ့ တိုက်လေယာဉ်တွေနဲ့ ၅ ကြိမ်လောက် လာရောက်ပစ်ခတ်ခဲ့သလို လက်နက်ကြီးနဲ့လည်း ပစ်ခတ်တာတွေရှိပြီး အထိအခိုက်အကျအဆုံး ရှိ၊ မရှိကိုတော့ မသိရသေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ပစ်ခတ်မှုတွေကြောင့် အနီးနား ရွာတွေက ဒေသခံပြည်သူတွေ မြို့ပေါ်တွေနဲ့ လုံခြုံရာကို ရွှေ့ပြောင်းနေကြရပါတယ်။
အလောဘွမ်တောင်ကုန်းကို ကေအိုင်အေက သိမ်းပိုက်ထားတာ တစ်လကျော်ကြာပြီဖြစ်ပြီး အကြမ်းဖက်စစ်တပ်က မြေပြင်နဲ့ ဝေဟင်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ နေ့စဉ် အပြင်းအထန် ပြုလုပ်နေပေမယ့် အကျအဆုံးသာများနေပြီး ပြန်လည်သိမ်းယူနိုင်ခြင်းတော့ မရှိသေးပါဘူး။