စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ဂွေးကုန်းကျေးရွာမှာ ဧပြီ ၃၀ ရက် ဒီနေ့မနက် ၄ နာရီလောက်မှာ အကြမ်းဖက် စစ်တပ်နဲ့ရဲတွေက ဝင်ရောက်လာပြီး ရွာထဲကပြည်သူတွေပိုင်တဲ့ ပစ္စည်းတွေ ခိုးယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာသားတွေဖြစ်တဲ့ ဦးဋ္ဌေးလွင်ရဲ့ အိမ်က ကြက်ဘဲတွေနဲ့ အဝတ်အစားတွေ၊ ဒေါ်သက်သက်ခိုင်အိမ်က PSI စလောင်း၊ ဒေါ်ခင်မွှေး လက်ဖက်ရည်ဆိုင်က ပိုက်ဆံတွေနဲ့ ဓားမတွေ၊ ကိုအောင်နိုင်ဝင်းအိမ်က အသံချဲ့ စက် နဲ့ ပန်ကာ၊ ဒေါ်အံ့ကြီး ကုန်စုံဆိုင်က ငွေကျပ် ၅ သိန်းလောက်နဲ့ ဆီ၊ မုန့်၊ ဖျော်ရည်နဲ့ ကလေးကစားစရာ အရုပ်တွေ၊ ဒေါ်နှင်းထွေး အိမ်က ရွှေကြယ်သီး ၅ လုံးနဲ့ လက်ကိုင်ဖုန်းတို့ကို ဝင်ရောက်ရှာဖွေ ယူဆောင်သွားကြတာပါ။
ဂွေးကုန်းရွာခံတစ်ဦးက " ရွာမှာ ဒလန်တွေက သူတို့ဝင်ရမယ့် အိမ်တွေကို လမ်းကြောင်း သေချာဆွဲပေးလိုက်တာပါပဲ။ သူတို့ဝင်ရမယ့် အိမ်တွေကိုပဲ ဝင်ယူပြီး ပြန်ထွက်သွားတယ်။ ရွာသားတွေကတော့ အကြမ်းဖက်တွေ လာပြီဆိုတာနဲ့ အကုန်လုံး တောထဲပြေးရလို့ ဘာယူယူ အကုန်ငြိမ်ခံနေရတော့တာ'' လို့ ပြောပါတယ်။
အခုလို အကြမ်းဖက်သမားတွေ ဒီလိုဝင်ရောက်တာဟာ ဂွေးကုန်းရွာမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်တုန်းလည်း ရွာကအတားအဆီးတွေကိုဖြုတ်ယူသွားခဲ့ ကြပါတယ်။