ရန်ကုန် စမ်းချောင်းမြို့နယ်မှာ ဧပြီ ၂၇ ရက်နေ့လည်ပိုင်းက မြို့နယ်စုံသပိတ်စစ်ကြောင်းတွေ ချီတက်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်နဲ့ ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပြီး မကြာခင်မှာ စစ်တပ်နဲ့ရဲတွေ ရောက်ရှိလာတာကြောင့် သပိတ်စစ်ကြောင်း လူစုခွဲလိုက် ကြပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ ရက်ရက်စက်စက်ပစ်ခတ်ဖြိုခွင်း ဖမ်းဆီးဖိနှိပ်မှတွေကြောင့် ရန်ကုန်မြို့က လမ်းမကြီးတွေပေါ်မှာ ဆန္ဒပြပွဲတွေ ရက်အတန်ကြာတိတ်ဆိတ်နေတဲ့ခဲ့ပေမဲ့ ဧပြီ ၂၃ ရက်ကစပြီး ဆန္ဒပြပွဲတွေပြန်လည်ဖြစ်ပွားနေတာဖြစ်ပြီး မနေ့ ဧပြီ ၂၆ ရက်ကလည်း ယုဇနပလာဇာရှေ့ ဗညားဒလလမ်းမကြီးပေါ်မှာ ပြည်သူတွေ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ရက်က ဆန္ဒပြတဲ့ ပြည်သူတွေလူစုခွဲပြီး အပြန်မှာ အိမ်စီးကားအသုံးပြုပြီး လိုက်လံဖမ်းဆီးနေတဲ့ ရဲနဲ့စစ်တပ်က ပြည်သူတချို့ကို ဖမ်းဆီးသွားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ အရေအတွက် ဘယ်လောက် ဖမ်းဆီးခံရတယ်၊ ဘယ်သူတွေ ဖမ်းဆီးခံရတယ် ဆိုတာကိုတော့ အတည်ပြုနိုင်ခြင်း မရှိပါဘူး။
ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံတော်အာဏာကို စစ်တပ်က တရားမဝင် သိမ်းပိုက်ရယူထားပြီး နောက် အကြမ်းဖက်ပစ်ခတ်မှုတွေကြောင့် ပြည်သူ အယောက် ၇၅၀ ကျော် သေဆုံးပြီး ၄၀၀၀ ကျော်ဖမ်းဆီးခံခဲ့ရပါတယ်။
အာဏာသိမ်းစစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ စစ်တပ်နဲ့ ရဲလုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ အယောက် ၂၀၀ ကျော် သေဆုံးတယ်လို့ ပြောကြားထားပါတယ်။