စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းက ကျေးရွာတွေမှာ စစ်ကောင်စီအကြမ်းဖက်တပ်တွေက ပြည်သူတွေထံက ဆပ်ကြေးတောင်းပြီး ပြည်သူတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို မီးရှို့၊ ဖျက်ဆီး၊ လုယက်ခိုးယူ ဖမ်းဆီးမှုတွေ ကျူးလွန်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ပေါယောရွာဟောင်းကျေးရွာမှာ တနိုင်တပိုင် ရွှေရှာလုပ်ငန်းလုပ်နေတဲ့ ပြည်သူတွေထံကနေ ရဲနဲ့ စစ်တပ်က ဧပြီ ၂၂ ရက်နေ့မှာ ဆပ်ကြေးလာတောင်းခဲ့ရာမှာ မပေးနိုင်ကြတဲ့အတွက် ရွှေထိုးတဲ့စက်ပစ္စည်းအင်ဂျင်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကစလို့ စစ်သားနဲ့ရဲတွေက အခုလို ရွှေလုပ်ကွက်တွေကို ဆပ်ကြေးလိုက်တောင်းနေကြတာ ဖြစ်ပါတယ်။
အဲ့ဒီဒေသခံတွေဆီကနေ ရွှေလုပ်ကွက်တစ်ခုကို ကျပ်သိန်း ၅၀ တောင်းပြီး မပေးနိုင်တဲ့ရွာသားတွေရဲ့ ပစ္စည်းတွေကို ဖျတ်ဆီးသွားတာပါ။
ရွှေလုပ်ကွက်တွေဆီကိုလာတဲ့ စစ်ကားတွေပေါ်မှာ ဓာတ်ဆီပုံးတွေ တစ်ခါတည်း သယ်လာကြတာလို့ ပေါယောရွာဟောင်းကျေးရွာနေ မျက်မြင်ဒေသခံတွေ ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့ကလည်း အကြမ်းဖက်စစ်သားနဲ့ရဲတွေက ကန့်ဘလူမြို့နယ်အတွင်းရိ ကျေးရွာ ၅ ရွာကို ဝင်ရောက်ရှာဖွေပြီး ပစ္စည်းတွေ ဖျက်ဆီး ခိုးယူလုယက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်းလယ်ကြီးကျေးရွာမှာ တက်ကြွလှုပ်ရှားသူခေါင်းဆောင်တွေကို ဝင်ရောက်ဖမ်းဆီးရာ တစ်ယောက်မှ မတွေ့တာကြောင့် ရွာထဲက လူငယ်နှစ်ယောက်ကို ဖမ်းချုပ်ပြီး လိုက်ပြခိုင်းတယ်လို့ သိရပါတယ်။
ရွာသစ်ကုန်းကျေးရွာမှာလည်း သေနတ်ပစ်ဖောက်ခြိမ်းခြောက်ကာ ရွာသားတွေခေါ်ပြီး လိုက်ရှာခိုင်းရာ မတွေ့တာနဲ့ အဲ့ဒီရွာသားတွေကို ရိုက်နှက်နှိပ်စက်သွားပါတယ်။
ဒါ့အပြင် ဉာဏ်အင်းရွာနဲ့ ရဲဒွေးရွာတွေက သပိတ်ခေါင်းဆောင်တွေရဲ့အိမ်ကို ဝင်ရှာပြီး အိမ်က ပရိဘောဂတွေ၊ သေတ္တာတွေ ဖျတ်ဆီးသွားတဲ့အပြင် သေတ္တာထဲက ပိုက်ဆံတွေကိုလည်း ခိုးယူသွားပါတယ်။
ဖိုကုန်းကျေးရွာမှာ ဝင်ရှာတဲ့အခါ အန်အယ်လ်ဒီ အင်္ကျီဝတ်လာတဲ့ လူငယ်တစ်ယောက်ကို မြင်တာနဲ့ ချက်ချင်းဖမ်းဆီးသွားတယ်လို့လည်း ဒေသခံရွာသား ၁ ဦးက ပြောပါတယ်။ ရွာက သပိတ်ခေါင်းဆောင်တွေကတော့ ကြိုတင်ရှောင်တိမ်းနိုင်ခဲ့တဲ့အတွက် အဖမ်းဆီးမခံလိုက်ရဘူးလို့ သိရပါတယ်။
ဧပြီ ၂၀ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာမှာ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရတဲ့ ဦးနေဇင်လတ်(တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်)နဲ့ ဦးရာဇာထွန်းတို့ရဲ့ နေအိမ်တွေကို စစ်အုပ်စုက ဝင်ရောက်ရှာဖွေပြီး ဦးနေဇင်လတ်အိမ်က စာရွက်စာတမ်းတွေနဲ့ အန်အယ်လ်ဒီအလံတွေ သိမ်းယူသွားခဲ့ပါသေးတယ်။