စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် တရော်ကျင်းရွာ၊ သပြေအေးရွာနဲ့ အနီးဝန်းကျင် ကျေးရွာတွေမှာ အကြမ်းဖက်စစ်တပ်က ရွာထဲတပ်စွဲထားတာကြောင့် ရွာသားတွေဟာ မနေရဲတော့ဘဲ နေရပ်စွန့်ခွာ ထွက်သွားနေကြရပါတယ်။
“အခုကျနော်တို့ ရွာတွေ စစ်တပ်က တပ်စွဲထားတယ်။ ကျေးရွာနေ ပြည်သူတွေ ရွာထဲမှာမနေရဲတော့ဘူး။ ဒါကြောင့်ရွာကနေထွက်လာခဲ့တာ”လို့ ယင်းမာပင် ဒေသခံတစ်ဦးက ပြောပါတယ်။
အလားတူ ကနီမြို့နယ် မိုးကောင်းရွာ၊ ချောင်းမရွာ၊ ယာကြီး၊ လာပို့ စတဲ့ရွာတွေမှာလည်း စစ်ကောင်စီလက်နက်ကိုင်တပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ကျေးရွာတဝိုက် လာရောက်နေထိုင် တပ်စွဲထားလို့ ပြည်သူတွေ စိုးရွံ့ထိတ်လန့်ကာ လုံခြုံမှုမရှိဘဲ မိမိတို့ကျေးရွာနဲ့ အိုးအိမ်တွေ စွန့်ခွာကာ ရှောင်ပြေးနေရတယ်လို့ ဒေသခံတွေပြောပါတယ်။
ပြီးခဲ့တဲ့ ရက်က ကနီမြို့နယ်အတွင်း ဒေသခံရွာသားတချို့နဲ့ အကြမ်းဖက်စစ်တပ်တို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီး ဒေသခံပြည်သူ ၈ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။