အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်အဖွဲ့ရဲ့ လက်ချက်နဲ့ ပြည်သူတွေ ၇၀၀ ကျော်သေဆုံးချိန် ငွေဆောင်ပင်လယ်ကမ်းခြေမှာတော့ ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့က လာရောက်သူတွေများတာကြောင့် ညပိုင်း မော်တော်ယာဉ်တွေ လမ်းပိတ်တဲ့အထိ စည်ကားနေပါတယ်။
မြန်မာနိုင်ငံအနှံ့မှာ ပြည်သူအများစုက တော်လှန်သင်္ကြန်ကို ဆင်နွှဲပြီး ရေသဘင်ပွဲတော် ဆင်နွှဲတာမရှိပေမဲ့ ငွေဆောင်ကမ်းခြေကို ကိုယ်ပိုင်မော်တော်ယာဉ်တွေ၊ ဆိုင်ကယ်တွေနဲ့ သင်္ကြန်ပွဲတော်ရက် လာရောက်အပန်းဖြေသူတွေနဲ့ များပြားနေတာပါ။
ဧရာဝတီတိုင်းထဲက ငွေဆောင်၊ ချောင်းသာကမ်းခြေတွေကို ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှု လျှော့ချနိုင်ရေးအတွက် ပိတ်ထားခဲ့တာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီး စစ်တပ်နဲ့ ပတ်သက်တဲ့ ဟိုတယ်တချို့က ပြန်လည်စတင်ဖွင့်လှစ်ခဲ့တာပါ။
ခရီးသွားလာရောက်မှုများပြားနေတာကြောင့် ကမ်းခြေမှာ ဒေသခံပိုင်တည်ခိုးခန်းတွေပါ ပြန်လည်ဖွင့်လှစ်ထားရပါတယ်။