ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ဖားကန့်မြို့ အေးမြသာယာရပ်ကွက် ဖားကန့်-ရှရော်ခ-မှော်တောင်း ကျေးရွာသွားလမ်းဆုံမှာ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရဲနဲ့စစ်တပ်ယာဉ်တန်းဟာ ဒီနေ့မနက် ဆယ်နာရီကျော်လောက်က မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဖားကန့်မြို့ခံတွေက ပြောပါတယ်။
"ကြည့်ရတာတော့ အဝေးထိန်းခလုပ်နဲ့ဖောက်ခွဲတာဖြစ်ဖို့များတယ်။ ကားကြီးက အပေါ်ကို တော်တော်မြောက်တက်သွားတာ၊ စစ်သားနဲ့ရဲတွေတော့ ဒဏ်ရာတော်တော်ပြင်းပြင်းထန်ထန် ရလိမ့်ထင်တာ်ဗျ" မျက်မြင်တွေ့ရတဲ့ အေးမြသာယာ ရပ်ကွက်နေ ပြည်သူတဦးက ပြောပါတယ်။
အဆိုပါ မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာတွေ ရရှိခဲ့တဲ့အပြင် အရပ်သား ၃ ဦးလည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံရဲနဲ့စစ်တပ်ဘက်က ဒဏ်ရာရသူအရေအတွက်ကို မသိရပေမဲ့ ကျောင်းအုပ်ဆရာတဦးအပါအဝင် ပြည်သူ ၃ ဦးဟာ မိုင်းစထိမှန် ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါ တယ် ။
မိုင်းခွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်တပ်နဲ့ရဲတပ်ဖွဲ့ယဉ်တန်းဟာ ဆိပ်မူကျေးရွာအုပ်စု မမုံကျေးရွာမှာ ဒီနေ့မနက် ဆယ်နာရီကျော်လောက်က စစ်အာရှင်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲကို အင်အားအလုံးအရင်းနဲ့ဖြိုခွဲဘို့ လာရောက်စဉ် ကချင်လွတ်မြောက်ရေး တပ်မတော် KIA က မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ ပြည်သူတချို့က ပြောပါတယ်။
ရဲတပ်ဖွဲ့နဲ့စစ်တပ်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီ ရဲ့တပ်နဲ့ရဲတွေဟာ သေနတ်တွေနဲ့ ဒရစပ်ပစ်ခတ်နေပြီး လမ်းမတွေပေါ်က တွေ့သမျှလူတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတာတွေ ပြုလုပ်နေတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
"တမြို့လုံး သေနတ်သံတွေ ခုချိန်ထိ ဆူညံနေတာပဲ။ တွေ့သမျှမြင်သမျှ လူတွေ အကုန်ဖမ်းနေတာ။ လောလောဆယ် ဆရာဝန်တဦးနဲ့ ကလေးငါးယောက်ကိုဖမ်းခေါ်သွားတယ်" လို့ အမည်မဖော်ဝံ့တဲ့ ဖားကန့် မြို့ခံတဦးက ပြောပါတယ်။