လားရှိုး နောင်မွန် ရဲကင်း စခန်းတိုက်ခိုက်ခံရမှုကြောင့် စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးပြီး ၇ ဦးဒဏ်ရာကာ ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။
ညနေပိုင်းက ထပ်တွေ့တာနဲ့ သေဆုံးသူ ၁၅ ဦးရှိတယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုသူတဦးက ပြောပါတယ်။
လားရှိုးမြို့မှ ၁၀ မိုင်ကျော်အကွာ၊ အဝေးပြေး လမ်းမပေါ်မှာရှိတဲ့ နောင်မွန်ရဲကင်းစခန်းကို ဧပြီလ ၁၀ ရက်နေ့ မနက် ၅ နာရီဝန်းကျင်ကနေ ၇ နာရီကျော်အထိ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုကြောင့် နောင်မွန်ရဲကင်း မနက် ၈ နာရီ ၄၅ မိနစ်အထိ မီးလောင်ခဲ့ကာ ခေးနင်းရွာမှာလည်း လက်နက်ကြီးတွေကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ် အဖွဲ့ဖြစ်တဲ့ ရခိုင့်တပ်မတော် (AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ကိုးကန့် (MNDAA) တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တိုက်ခိုက်မှု ဖြစ်ပွားတာနှင့်ပတ်သက်ပြီး TNLA ပြောခွင့်ရှိသူ ဒု - ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က သတင်းအချက်အလက်ကို အတည်ပြုဖို့ အောက်ခြေကို ဆက်သွယ်ပေမယ့် အဆက်အသွယ်မရသေးဘူးလို့ ပြောပါတယ်။
သေဆုံးသူတွေရဲ့ အလောင်းကိုတော့ လူမှုကူညီရေးအသင်းတွေက လားရှိုးမြို့ကို သယ်သွားတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။