ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖိနှိပ်တားဆီးပိတ်ပင်မှုတွေ အကြားက ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်အလိုမရှိကြောင်း ဒီကနေ့ ဧပြီ ၇ ရက်နေ့မနက်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။
ဒီနေ့ ဆန္ဒထုတ်ဖော်တဲ့ ပင်မသပိတ်စစ်ကြောင်း ဖြိုခွင်းမခံရခင် အောင်မြင်စွာ ချီတက်နိုင်ခဲ့ကြတယ်လို့ သပိတ်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
"ပင်မသပိတ်စစ်ကြောင်းက အေးမြသာယာဈေးနားထိ ချီတက်နိုင်ခဲ့ကြတယ်။ ဒီနေ့က အာဏာသိမ်းအုပ်စုဘက်က ဖြိုခွင်းမခံရခင် သပိတ်စစ်ကြောင်းကို လူစုခွဲနိုင်ကြတယ်။ ပြီးတော့ အရေးတော်ပုံမအောင်မချင်း ဆက်လက်ချီတက်သွားဖို့ရှိတယ်လို့" ဆိုပါတယ်။
မြစ်ကြီးနားမြို့မှာ အာဏာသိမ်းစစ်ကောင်စီဘက်က အကြမ်းဖက် ဖြိုခွင်းပစ်ခတ်လို့ သေဆုံးသူ ၂ ဦးရှိခဲ့ပြီး ကချင်ပြည်နယ်တစ်ခုလုံးမှာ သေဆုံးသူပေါင်း ၇ ဦးခန့်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။