ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့လယ်ခေါင်မှာ ဧပြီ ၄ ရက်ည ၈ နာရီခွဲ လောက်က စစ်အာဏာရှင်လုံခြုံရေးတပ်က ခြောက်လှန့်ပစ်ခတ်တဲ့အတွက် လမ်းသွားလမ်းလာ ပြည်သူ ၂ ဦး ကျည်ထိမှန်ဒဏ်ရာရသွားပါတယ်။
ကျောက်မဲမြို့ ပင်လုံလမ်းမကြီးပေါ်ရှိ ဆားချိုသီးလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်နေသူ မိန်းကလေး ၁ ဦးဟာ ယမန်နေ့ညက လုပ်ငန်းခွင်ကအပြန် ကျည်ဆန်ရှပ်မှန်ခဲ့ပြီး မရှေး မနှောင်းမှာဘဲ နောက်ထပ်အမျိုးသား ၁ ဦးရဲ့ ပေါင်ကိုထိမှန်သွားတယ်လို့ ကျောက်မဲဒေသခံ တစ် ဦးက ဒီဗွီဘီကို ပြောပါတယ်။
“ညရောက်ရင် စစ်တပ်နဲ့ရဲက ခြောက်လှန့် ပစ်ခတ်နေကျပေါ့။ မနေ့ညကျတော့ လမ်းသွား လမ်းလာ ၂ ယောက်ကို ထိတယ်။ ဆန္ဒပြသူတွေ အမြဲလူစုလေ့ရှိတဲ့ နေရာနားမှာ၊ ဒါပေမယ့် ကျည်ထိသွားတဲ့ ၂ ယောက်က ဆန္ဒပြသူတွေမဟုတ်ပါဘူး။ မိန်းကလေးတယောက်က သူ့ဖာသာ အလုပ်ဆင်းပြီး အိမ်အပြန်သေနတ်ကျည်ဆန်က တင်ပါးကိုရှပ်ထိသွားတယ်၊ ဒဏ်ရာမပြင်းထန်ဘူး။ နောက်တယောက်က အမျိုးသား၊ သူကကျတော့ ပေါင်ထဲကို ကျည်ဆန်ဝင်သွားတယ်လို့ပြောတယ်။ အဖြူရောင်နှလုံးသား ပရဟိတအဖွဲ့က ကူညီထားပြီးပြည်သူ့ဆေးရုံလည်း ပိတ်ထားတော့ ဘယ်ဆေးခန်းကိုပို့မလဲဆိုတာ တိုင်ပင်နေကြတယ်တဲ့။”
အာဏာသိမ်းစစ်တပ်က သူတို့ပစ်ချင်ရာကို ပစ်ခတ်နေတော့ ပြည်သူတွေဟာ လုံးဝလုံခြုံမှု မရှိဘူးလို့ သူကဆက်ပြောပါတယ်။
ဒီမတိုင်ခင်က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေ ဖြိုခွဲခံရပြီး အဖမ်းခံရသူ တွေလည်းရှိကြောင်း၊ ဒါပေမယ့် ရပ်မိရပ်ဖတွေက သွားရောက်အာမခံပေးလို့ ပြန်လွတ်လာကြပြီလို့ ဆိုပါတယ်။
အခုလို အပစ်ခံရတာ ဖမ်းဆီးခံရတာတွေရှိပေမယ့် စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် ကျောက်မဲပြည်သူတွေကတော့ နောက်ဆုတ်ခြင်းမရှိဘဲ နေ့ခင်းဆိုရင် ဆိုင်ကယ်စီးပြီး ပြောက်ကျား သပိတ်ဆင်နွဲသလို ညဘက်ဆိုရင်လည်း ဖယောင်းတိုင်ထွန်းပြီး ညသပိတ်ကို နေ့စဉ်မပျက် ပြုလုပ်နေပါတယ်။