ပြည်သူဘက်က ရပ်တည်ကူညီပေးနေတဲ့ နာမည်ကျော် အနုပညာရှင်တွေနဲ့ social influencer တွေအပါအဝင် လူပုဂ္ဂိုလ် ၂၀ ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ အာဏာသိမ်းစစ်ကောင်စီကရဲ့ မီဒီယာတွေက ကြေညာပါတယ်။
အမှုဖွင့်ခံရတဲ့အထဲမှာ အကယ်ဒမီ မင်းမော်ကွန်း၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ Rဇာနည်၊ ရဲတိုက်၊ ကျော်ကျော်နန္ဒ၊ သန္တာလှိုင်၊ ပိုင်ဖြိုးသု၊ ပိုပို၊ ခင်ဝင့်ဝါ၊ ချမ်းချမ်း၊ ချမ်းမြေ့မောင်ချို၊ မိတ်ကပ်မထက်၊ မိတ်ကပ် မေဦး၊ မေတိုးခိုင်၊ ဒေါက်တာ မြဝတ်ရည်၊ မေဇွန်ဝင်း၊ ဖြိုးဖြိုးအောင်၊ ဒေါက်တာ သူရိန်လှိုင်ဝင်း၊ ဇင်သော်နိုင် စသူတို့ ပါဝင်ပါတယ်။
ရုပ်ရှင်သရုပ်ဆောင် ပိုင်ဖြိုးသုကတော့ "ဝရမ်းထုတ်ပြီးမှ ဖမ်းတာမှမဟုတ်တာ။ ဖမ်းချင်ရင်အိမ်ထဲနေနေတဲ့သူကိုတောင် အိမ်တံခါးဖျက် အတင်းအဓမ္မဝင်ဖမ်းတာပဲ။ လမ်းပေါ်ထွက်ဆန္ဒပြမှ ပစ်သတ်တာမှမဟုတ်တာ... သတ်ချင်ရင် သူတို့အိမ်ထဲ သူတို့ နေရှာတဲ့ (၅) နှစ်အရွယ် ကလေးလေးကိုတောင်သေနတ်နဲ့ပစ်သတ်နေတာပဲ.... ဝရမ်းထုတ်သည်ဖြစ်စေ မထုတ်သည်ဖြစ်စေ လက်နက်အားကိုးပြီးပြည်သူကို အနိုင်ကျင့်သတ်ဖြတ်နေတဲ့ စစ်အာဏာရှင်ကို အသက်နဲ့ခန္ဓာမြဲနေသရွေ့ ဆန့်ကျင်သွားမယ်!!! အရေးတော်ပုံအောင်ရမည်" လို့ လူမှုကွန်ရက်ကနေ ရေးသားတုံ့ပြန်ထားပါတယ်။
အဆိုပါ ပုဂ္ဂိုလ်တွေဟာ လူမှုကွန်ရက် စာမျက်နှာကို အသုံးပြုပြီး နိုင်ငံတော် အုပ်ချုပ်မှုယန္တရားပျက်ပြားစေဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံ့ဝန်ထမ်းတွေကို CDM လှုပ်ရှားမှုမှာ ပါဝင်စေဖို့လှုံ့ဆော်တာ၊ CRPHကို ထောက်ခံတာ စတာတွေကြောင့် အမှုဖွင့်အရေးယူတာလို့ အာဏာသိမ်း စစ်ကောင်စီရဲ့ အာဘော် MRTV နဲ့ မြဝတီ ရုပ်သံတွေကနေ စွပ်စွဲ ထုတ်လွှင့်သွားပါတယ်။
နာမည်ကြီး အနုပညာရှင်တွေဖြစ်ကြတဲ့ အကယ်ဒမီ လူမင်း၊ ပြေတီဦး၊ ဒါရိုက်တာ ဝိုင်း၊ ကိုပေါက်၊ ဏကြီး၊ ဟစ်ဟော့ပ်အဆိုတော် အနဂ္ဂ၊ အဆိုတော် လင်းလင်း၊ အင်းစိန်အောင်စိုး၊ စီစဉ်တင်ဆက်သူ ကိုမောင်မောင်အေးနဲ့ အိမ့်ပိုးဥ (ခ) အိပန်ဆယ်လို စသူတွေလည်း ပုဒ်မ ၅၀၅ (က ) နဲ့ တရားစွဲခံထားရပြီး အကယ်ဒမီ လူမင်းကတော့ ဖမ်းဆီးခံထားရပါတယ်။