ရန်ကုန် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၁၀၄ ရပ်ကွက် စည်ပင်ကျူးကျော်ရပ်ကွက်အတွင်း မတ်လ ၃၁ ရက် ည ၁၂ နာရီ ဝန်းကျင်လောက်မှာ စစ်တပ်က ဝင်ရောက်ဆဲဆို ပစ်ခတ်ခဲ့လို့ ကိုယ်ဝန်ဆောင် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦး ကျည်ဆန်ထိမှန်ခဲ့ပါတယ်။
ပစ်ခတ်မှုကြောင့် ဝမ်းဗိုက်ကိုကျည်ဆန်ထိမှန်သူ တစ်ဦး ကျဆုံးသွားပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးငယ်တဦးမှာလည်း ဝမ်းဗိုက်ညာဘက်ထောင့်နားကို ကျည်ထိမှန်ခဲ့ကာ ခြေသလုံးထိမှန်ဒဏ်ရာရတဲ့ အမျိုးသားတဦးကိုတော့ စစ်တပ်က ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်ကို ကြုံတွေ့ခဲ့သူတစ်ဦးက '' ညက စစ်ကားတွေတက်လာတယ်ကြားကတည်းက တော်တော်များများ ရှောင်နေကြရတာ။ အသက်ကြီးပိုင်းနဲ့ မိန်းကလေးတွေပဲကျန်တယ်။ စစ်သားတွေ ဝင်းထဲဝင်လာပြီး ဆဲဆိုအော်ဟစ်နေကြတာ။ ပြီးတော့ သေနတ်တွေပစ်ရော အကုန်လုံးအိမ်ထဲ ပုန်းနေကြရင်းထိကြတာ။ ဒီဘက်က ၇ ယောက် ဟိုဘက်အပိုင်းက ၇ ယောက်လောက်ဖမ်းသွားတယ် '' လို့ ဒီဗွီဘီကို ပြောပါတယ်။
ကျည်ဆန်ထိမှန်ခံရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကို မေးမြန်းရာမှာ'' ညက သူတို့ဝင်လာချိန် သမီးက အိပ်ရာထဲ ကွေးပြီးပုန်းနေတာ။ အဲ့တာကို အိမ်နံရံကိုဖောက်ပြီး သမီးကိုလာမှန်တာ။ သွေးတွေက အရမ်းပွက်ပြီးထွက်တာ အမျိုးသားကလည်း ရေတွင်းတူးသွားတော့ ဘယ်သူမှမရှိဘူး။ သမီးတစ်ယောက်ထဲ ကိုယ်ဝန်က ၅ လရှိပြီ ရှင့်ကလေးဘာမှမဖြစ်နိုင်ဘူးမလား'' လို့ ငိုပြီးပြောပြလာပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးကိုတော့ ဒီနေ့ မနက်မှ ဆေးကုသမှုခံယူဖို့ လုပ်နိုင်တယ်လို့ သိရပါတယ်။