မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ကုလားကုန်းကျေးရွာမှာ မတ်လ ၂၈ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်အဖွဲ့ရဲ့ လက်နက်ကိုင်တပ်တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ လည်ပင်းကျည်ဆံထိမှန်ပြီး အမျိုးသားတစ်ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
“အကြမ်းဖက်အဖွဲ့တွေက သေနတ်သံသုံးလေးချက်လောက်ဖောက်ပြီးတော့ ကုလားကုန်းကျေးရွာက စက်ရေတွင်တူးနေသူ နှစ်ယောက်အနက် ပစ္စည်းဝင်ယူတဲ့ အသက် ၅၀ ကျော်အရွယ်ကိုသန်းလှိုင်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တာ” လို့ ရွာခံတဦးကပြောပါတယ်။
သေဆုံးသူရဲ့အလောင်းကို မကွေးဆေးရုံသို့ ယူဆောင်သွားပြီး ၂၈ ရက်နေ့ ညပိုင်းမှသာ အလောင်းကို ပြန်လည်ရရှိတာလို့လည်း ပြောပါတယ်။
သေဆုံးသူ ကိုသန်းလှိုင်ရဲ့ စျာပနကို ဒီကနေ့ မတ်လ ၂၉ ရက်နေ့မှာ ကုလားကုန်းကျေးရွာ သုသာန်မှာကျင်းပခဲ့ပြီး သူ့ရဲ့အလောင်းကို သင်္ဂြိုဟ်ခဲ့ပါတယ်။
ဒါ့အပြင် မတ်လ ၂၈ ရက်နေ့က ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာက ကိုမြင့်ဦးထမင်းဆိုင်ကို အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်အဖွဲ့တွေရောက်လာပြီး ကိုမြင့်ဦးကို မတွေ့လို့ သားဖြစ်သူ အသက် ၁၅ နှစ်အရွယ် ဆယ်တန်းကျောင်းသား မောင်ပိုင်ပိုင်ကို
ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။