ရန်ကုန်မြို့ တာမွေမြို့နယ် ကျောက်မြောင်းရပ်ကွက်တွေမှာ အကြမ်းဖက်စစ်တပ်နဲ့ ရဲ လက်နက်ကိုင်တပ်ဖွဲ့တွေက ဒီကနေ့ မတ်လ ၂၈ ရက်မနက် ၁၀ နာရီကျော်လောက်ကတည်းကဝင် ရောက်လာပြီး ဆန္ဒပြလူငယ်တွေကို လိုက်လံဖမ်းဆီးနေပါတယ်။
ဗညားဒလလမ်းမကြီးနဲ့ သီတာလမ်း၊ အင်းဝလမ်း၊ ဩဘာလမ်း၊ အောင်မင်္ဂလာလမ်း၊ ကျောက်ရေတွင်းလမ်းစတဲ့လမ်းသွယ်တွေထဲကို လက်နက်ကိုင်အဖွဲ့တွေဝင်ရောက်လာပြီး ဒီနေ့ မနက် ၁၁ နာရီလောက်မှာ တကြိမ် ၁၁ နာခွဲလောက်မှာတကြိမ် အသံဗုံးနဲ့ ပစ်ခတ် ခြောက်လှန့်မှုတွေလည်းပြုလုပ်နေခဲ့ပါတယ်။
ဖမ်းဆီးခံရသူတချို့ ရှိတယ်လို့ သတင်းရပ်ကွက်နေပြည်သူတွေက ပြောပေမဲ့ အရေအတွက်အတိအကျကိုတော့ မသိရသေးပါဘူး။
လက်ရှိ မွန်းတည့် ၁၂ နာရီထိုးခါနီးအထိ ရပ်ကွက်ထဲမှာ ရဲနဲ့ စစ်သားတွေ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။
ကျောက်မြောင်းမှာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ လူငယ်တွေက နေ့စဉ်လိုလို ပြောက်ကျားသပိတ်တွေ၊ ညသပိတ်တွေ ဆက်လက်ဆင်နွှဲနေကြပါတယ်။