ရန်ကုန်တိုင်းထဲက တာမွေ၊ ဗဟန်းနဲ့ တခြားမြို့နယ်တွေမှာရှိတဲ့ ရခိုင်ဘုန်းကြီးကျောင်းတွေကို စစ်ကောင်စီ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့တွေက ဖေဖော်ဝါရီ ၁၀ ရက်နောက်ပိုင်းက စတင်ကာ ဧည့်စာရင်း ဝင်ရောက်စစ်ဆေးနေပြီး ဧည့်သည်လက်ခံမထားဖို့ သတိပေးထားတယ်လို့ ရခိုင်ဘုန်းကြီးကျောင်းတွေမှာ ခေတ္တတည်းခိုနေထိုင်သူတွေဆီကနေတဆင့် သိရပါတယ်။
“၁၄ ရက်နေ့ညတုန်းက သူတို့လာစစ်တယ်။ ကျောင်းမှာ ဘုန်းကြီးနဲ့ကပ္ပိယတွေက လွဲရင် တခြားဧည့်သည် မထားရဘူး၊ တွေ့ရင် ဥပဒေအရ ဖမ်းလို့ရတယ်၊ အဲ့လို ပြောသွားတယ်။”
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက် ညကလည်း တာမွေမြို့နယ်ထဲက အောင်မင်္ဂလာကျောင်းတိုက်နဲ့ မင်္ဂလာသုခကျောင်းတိုက် ၂ ခုကို စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက ဝင်ရောက်စစ်ဆေးခဲ့ပြီး ဖမ်းဆီးခံရတဲ့သူတော့ မရှိခဲ့ဘူးလို့ ကျောင်းတိုက်တွေအနီးအနားမှာ နေထိုင်သူတဦးက ပြောပါတယ်။
“ဘုန်းကြီးကျောင်းထဲမှာ ဧည့်စာရင်းဝင်စစ်တာတော့ ဟုတ်ပါတယ်၊ လူတွေ အဖမ်းခံရတယ်လို့တော့ မကြားမိဘူး။”
ဒါ့အပြင် ရခိုင်ပြည်နယ်ကနေ ရန်ကုန်မြို့ကို အလုပ်လာရောက်လုပ်ကိုင်သူတွေနဲ့ သင်တန်းတက်ဖို့ ရောက်နေတဲ့ ရခိုင်လူငယ်တွေအနေနဲ့လည်း အဆောင်ငှားရမ်းနေထိုင်တာနဲ့ ဧည့်စာရင်း တိုင်ကြားရာမှာ အုပ်ချုပ်ရေးမှူးတွေက ငွေညှစ်တာမျိုးရှိနေတယ်လို့ အမည်မဖော်လိုတဲ့ ရခိုင်လူငယ်တဦးက ပြောပါတယ်။
“အဆောင်တွေကလည်း ရခိုင်က လာတယ်ဆို သိပ်လက်မခံရဲတာမျိုး ရှိတယ်။ နိုင်ငံရေး အရှုပ်အရှင်းကင်းရဲ့လားလို့ မေးတာမျိုးတွေ ရှိတယ်။ ဧည့်သည်လာလို့ ဧည့်စာရင်းတိုင်ရင် အုပ်ချုပ်ရေးမှူးကို သူများထက် ပိုက်ဆံပိုပေးရတာမျိုးတွေ ဖြစ်လာတယ်။”
ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ရန်ကုန်နဲ့ မန္တလေးတို့လို မြို့ကြီးတွေမှာ ရခိုင်လူငယ်တွေကို ပစ်မှတ်ထားဖမ်းဆီးတာနဲ့ လူမျိုးရေးသွေးထိုးလှုံ့ဆော်တာတွေ ပိုမိုပြုလုပ်လာနိုင်တာကြောင့် သတိထားကြဖို့ ရခိုင်လူငယ်တဦးက အကြံပြုထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ နဲ့ ၁၃ ရက်နေ့တွေကလည်း ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ စစ်တပ်ထောက်ခံသူတွေက လူမျိုးရေးမုန်းတီးမှုဖြစ်အောင် သွေးထိုးလှုံ့ဆော်တဲ့ စာရွက်တွေကို ရခိုင်လူမျိုးတွေ ပိုင်ဆိုင်တဲ့ စားသောက်ဆိုင်နဲ့ ကုန်စုံဆိုင် ဆိုင်းဘုတ်တွေအောက်မှာ လိုက်ကပ်တာနဲ့ လမ်းပေါ်ကို ကြဲချတာတွေ ပြုလုပ်ခဲ့ပါတယ်။